မိုးညှင်းမြို့ရှိ နောက်ဆုံး ကိုဗစ်-၁၉  ရောဂါ  အတည်ပြုလူနာ  ရောဂါကင်းစင်၍  ယနေ့ဆေးရုံဆင်းခွင့် ရရှိ ကိုဗစ်-၁၉ အတည်ပြုလူနာမကျန်ရှိတော့

မိုးညှင်း  ၅  နိုဝင်ဘာ

ကချင်ပြည်နယ် မိုးညှင်းမြို့ရှိ နောက်ဆုံး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသည့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအမျိုးသမီးသည် ယနေ့နံနက်ပိုင်းတွင် ရောဂါပိုးကင်းစင်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများထားရှိသည့် မိုးညှင်းတက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်မှ ဆင်းခွင့်ပြုလိုက်ပြီ ဖြစ်ကြောင်း ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ လာမာမီးက အတည်ပြု ပြောကြားသည်။

 

မိုးညှင်းမြို့တွင် စက်တင်ဘာလမှစတင်၍ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများ တွေ့ရှိလာခဲ့ရာ နိုဝင်ဘာလအထိ စုစုပေါင်း ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၁၉ ဦး တွေ့ရှိခဲ့သဖြင့် မိုးညှင်းခရိုင် ဆေးရုံကြီးနှင့် တက္ကသိုလ်ဝင်းအတွင်းရှိ ကုသဆောင်များတွင် ဆေးကုသမှုပေးခဲ့ရာ ယနေ့ နိုဝင်ဘာ ၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအမျိုးသမီး ရောဂါကင်းစင်၍ ဆေးရုံဆင်းခွင့်ပြုခဲ့သဖြင့် မိုးညှင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ မကျန်ရှိတော့ကြောင်း သိရသည်။

 

အဆိုပါ ဆေးရုံဆင်းခွင့်ရရှိသည့် အမျိုးသမီးသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်မှုများနှင့်အညီ မိမိနေအိမ်တွင် ၇ ရက် အသွားအလာကန့်သတ်၍ နေထိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။

ကျော်ကျော်ထွေး(မိုးညှင်း)