မိုးညှင်းမြို့နယ်မှ တောင်သူ ငါးဦး ကိုရီးယားနိုင်ငံသို့ စိုက်ပျိုးရေး နည်းပညာဆိုင်ရာ လေ့လာရေး သွားရောက်မည်

မိုးညှင်း     ၂၁   စက်တင်ဘာ 

 

မိုးညှင်းမြို့နယ်  စိုက်ပျိုးရေးသုတေသနဦးစီးဌာနမှ  စိုက်ပျိုးရေးသုတေသနအရာရှိ  ဦးမြင့်သောင်းနှင့်မြို့နယ် အတွင်းရှိ မျိုးစေ့ထုတ်သမဝါယမအသင်းမှ မျိုးစေ့ထုတ်တောင်သူ(၅)ဦးတို့သည် စက်တင်ဘာ ၂၅ ရက်နေ့မှ အောက်တိုဘာ  ၄ ရက်နေ့အထိ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ လေ့လာနိုင်ရန်အတွက် ပြည်တွင်းခရီးစဉ်အဖြစ် နေပြည်တော်နှင့်ပြည်ပ ခရီးစဉ်အဖြစ် ကိုရီးယားနိုင်ငံသို့  စိုက်ပျိုးရေးနည်းပညာဆိုင်ရာ လေ့လာရေး သွားရောက်မည်ဖြစ်ကြောင်း စိုက်ပျိုးရေးသုတေသန အရာရှိ ဦးမြင့်သောင်းက စက်တင်ဘာ ၂၀ ရက် နံနက်ပိုင်းတွင် မိုးညှင်းစိုက်ပျိုးရေးသုတေသနခြံ၌ ပြောကြားသည်။

 

အဆိုပါ လေ့လာရေးသွားရောက်မည့် ခရီးစဉ်နှင့်ပတ်သက်၍ ဦးမြင့်သောင်းက “မြို့နယ်အ တွင်းမှာရှိတဲ့ တောင်သူတွေကို အမြင်ကျယ်စေဖို့နဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ အဆင့်မြင့်မြင့် စိုက်ပျိုးတတ်ဖို့ရည်ရွယ်တယ်၊ အခုသွားမှာက ဟိုပင်ကနှစ်ဦးနဲ့မိုးညှင်းကသုံးဦး သွားမယ်၊ မိုးညှင်းကနေ  ၂၅ ရက်နေ့ညနေပိုင်း ကားနဲ့ နေပြည်တော်ကို သွားမယ်”ဟု ပြောသည်။

 

“နေပြည်တော်မှာ ၂ ရက်လေ့လာစေမယ်၊ အဓိကလေ့လာမှာက စိုက်ပျိုးရေး သုတေသန ဦးစီးဌာနအောက်မှာရှိတဲ့  သုတေသနဌာနစုတွေမှာ စိုက်ပျိုးထားသည့်  သီးနှံမျိုးစုံစိုက်ခင်းတွေရယ်၊ တပ်ကုန်းစိုက်ပျိုးရေး သုတေသနခြံရယ်၊ ကိုးရီးယားနိုင်ငံမှ ဖွင့်လှစ်ထားတဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး သင်တန်းကျောင်းတွေကို လေ့လာစေမယ်၊ ၂၉ ရက်နေ့ကို ရန်ကုန်ကနေ ကိုရီးယားနိုင်ငံကို လေယာဉ်နဲ့သွားမယ်၊ ဟိုမှာ ငါးရက်ကြာမယ် ၊သူတို့နိုင်ငံမှာ ရှိတဲ့ စိုက်ပျိုးရေးခြံတွေကို အဓိက လေ့လာစေမယ်” ဟု လေ့လာရေးခရီးစဉ်နှင့် ပတ်သက်၍ ၎င်းက ဆက်လက်ပြောကြားသည်။

 

အဆိုပါ ခရီးစဉ်တွင် လိုက်ပါမည့် တောင်သူများအနေဖြင့် လေယာဉ် အသွားအပြန် စရိတ်သာ အကုန်အကျ ခံရမည်ဖြစ်ပြီး အခြားကုန်ကျစရိတ်များကို ကိုရီးယားနိုင်ငံ(KOPIA  Project) မှ အကုန်အကျခံ သွားမည်ဖြစ်ပြီး ယခုခရီးစဉ်သည် တတိယအကြိမ်မြောက် စိုက်ပျိုးရေးနည်းပညာ လေ့လာရေးခရီးစဉ်ဖြစ်ပြီး ၂၀၁၇ ခုနှစ် စက်တင်ဘာလတွင် ပထမအကြိမ်အဖြစ် မိုးညှင်းမြို့နယ်မှ တောင်သူ သုံးဦး ၂၀၁၈ အောက်တိုဘာလတွင် ဒုတိယအကြိမ်အဖြစ် တောင်သူ ငါးဦးတို့အား လေ့လာရေးခရီး ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ကျော်ကျော်ထွေး(မိုးညှင်း)