မိုးညိုမြို့နယ်အတွင်းရှိ ကျေးရွာခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

မိုးညို  သြဂုတ် ၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း ၇၀၀၊ ပြည်သူထည့်ဝင်ငွေများဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ ခုနစ်ရွာ၌ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်သည့် ကျေးရွာ ခုနစ်ရွာမှာ ထိန်ကုန်း၊ မြောက်ရွာ၊ တောင်ဇင်၊ ညောင်ဝိုင်း၊ ညောင်ပင်ကပ်၊ ဖုတ်လူးနှင့် ရေသပြာ ကျေးရွာများဖြစ်ပြီး ၄၀၀ ဗို့ဓါတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်း ငါးခုနှင့် စာသင်ကျောင်း ဆောက်လုပ်ခြင်းလုပ်ငန်း နှစ်ခုတို့ကို ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း ခွင့်ပြုရန်ပုံငွေ ကျပ်သိန်း (၇၀၀)၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေကျပ် (၂၇) သိန်း၊ စုစုပေါင်းရန်ပုံငွေကျပ် (၇၂၇) သိန်းဖြင့် ကျေးရွာပြည်သူ လူထုကိုယ်တိုင် ယခုနှစ် ဖေဖော်ဝါရီလက စတင်ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း သိရသည်။

 

မိုးညိုမြို့နယ်တွင် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်းကို ၂၀၁၉−၂၀၂၀ ခု ဘဏ္ဍာရေးနှစ် အတွင်းက Pilot Project အဖြစ် စတင်ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၀−၂၀၂၁ ခု ဘဏ္ဍာရေးနှစ်အထိ  ကျေးရွာပေါင်း ၁၁ ရွာတွင် ဆောင်ရွက်နိုင်ခဲ့ပြီး နှစ်စဉ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် လျှပ်စစ်မီးလင်းရေး၊ သောက်သုံးရေရရှိရေး၊ လမ်းခင်းခြင်း၊ တံတားတည်ဆောက်ခြင်း၊ ကျေးရွာခန်းမ တည်ဆောက်ခြင်းနှင့် စာသင်ကျောင်းများ ဆောက်လုပ်ခြင်း အစရှိသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စီမံကိန်းခွင့်ပြုရန်ပုံငွေ ကျပ်သိန်း(၁၀၀)၊ ကျေးရွာပြည်သူလူထု ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း မိုးညိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခေတ္တမြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းစိုးထံမှ သိရသည်။

 

ဖြိုးလေး

mdn