မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း ထိုးနှံပေးလျက်ရှိ

မိုးညို ဧပြီ ၁၂

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းကို ဧပြီ ၁၁ ရက် နံနက် ၈ နာရီခွဲခန့်မှစ၍ မိုးညိုပြည်သူ့ဆေးရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

             

ထိုသို့ထိုးနှံပေးရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်း Booster Dose ထိုးနှံပေးခြင်းနှင့် ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံမည့်သူများနှင့် ဒုတိယအကြိမ် ထိုးနှံရမည့်သူများအား ဆက်လက်ထိုးနှံပေးလျက်ရှိပြီး  Booster Dose ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပေးခြင်းကို ဧပြီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

           

အဆိုပါကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမျာကို ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များနှင့် ပြည်သူများအား ထိုးနှံပေးလျက်ရှိပြီး ဆေးထိုးနှံခြင်း လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးလျက်ရှိသည်။

             

မြို့နယ်ကျန်းမာရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ရာနှုန်းပြည့် ထိုးနှံနိုင်ရေးအတွက် မြို့ပေါ်ရှိ မြို့နယ်ကျန်းမာရေးဦးစီးဌာနှင့် မိခင်နှင့်ကလေးကျန်းမာရေးဌာနတို့တွင် လည်းကောင်း၊ အုပ်စုကျေးရွာများသို့ ကွင်းဆင်း၍ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

 

ကိုမင်း(မိုးညို)