မိုင်းယောင်း၌ ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် ထွန်ယက်စိုက်ပျိုး

မိုင်းယောင်း ၁၁ ဇွန် 

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုကာ ထယ်ထိုး ထွန်မွှေ မြေမြှပ်ခြင်းလုပ်ငန်းကို ဇွန် ၁၁ ရက်က ဆောင်ရွက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။


    
မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ပိုက်ဆံလျှော်စိုက်ပျိုး၍ သစ်စိမ်းမြေဩဇာအဖြစ် အသုံးပြုစိုက်ပျိုးခြင်းကို ယခင်နှစ်များက စမ်းသပ်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးကျော်ကျော်မိုးက ပြောသည်။


    
“တောင်သူတွေက ဓာတုဓာတ်မြေဩဇာတွေကို အသုံးပြုနေကြတဲ့အတွက် နှစ်ကြာလာတဲ့အခါ လယ်မြေတွေ ပျက်စီးတတ်ပါတယ်။ ထွက်လာတဲ့ သီးနှံတွေလည်း ဓာတုဓာတ်ကြွင်းပါရှိတယ်။ ဒါကြောင့် စပါးရိတ်သိမ်းပြီးချိန်မှာ ပိုက်ဆံလျှော်စိုက်ပျိုးပြီး သဘာဝမြေဩဇာအဖြစ် အသုံးပြုနိုင်အောင် တောင်သူပညာပေး ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတာပါ”ဟု ၎င်းက ပြောသည်။

 

မိုးစပါးရိတ်သိမ်းပြီး ဧပြီလအတွင်း မိုးကျပြီးသည်နှင့် ပိုက်ဆံလျှော်ကို စိုက်ပျိုးကြောင်း၊ ၄၅ ရက်သားတွင် အဖူးအပွင့်စုံပြီဖြစ်၍ ထယ်ထိုးထွန်မွှေ မြေမြှပ်ခြင်းကို ပြုလုပ်ရကြောင်း၊ ထယ်ထိုးထွန်မွှေ မြေမြှပ်ခြင်းပြုလုပ်ပြီး တစ်လကြာပါက စပါးစိုက်ပျိုးနိုင်ကြောင်း၊ ထွက်ရှိသည့် စပါးမှာ အရည်အသွေး ပိုမိုကောင်းမွန်သည့်အပြင် စပါးအထွက်နှုန်းမှာ သိသိသာသာ မများသော်လည်း တစ်ဧကလျှင် အနည်းဆုံး ငါးတင်းအထက် အထွက်တိုးကြောင်း၊ ဓာတုဓာတ်မြေဩဇာ အသုံးပြုရန် မလိုတော့သဖြင့် စိုက်ပျိုးစရိတ်လည်း သက်သာကြောင်း တောင်သူတစ်ဦးက ပြောသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)