မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေးကို ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး အသိပညာပေး ကွင်းဆင်းဟောပြော

မိုင်းယောင်း ၁၅  ဇန်နဝါရီ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်ဌာနဆိုင်ရာများနှင့် ဌာန ဆိုင်ရာများ ပူးပေါင်းအဖွဲ့တို့သည် နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျှော့ချရေး၊ ဒေသတွင်း တောမီးနှင့် အခြားမီးလောင်ကျွမ်းမှုများ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိရှိရေး အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီလ ၁၅ ရက်နေ့က တာကြန့်ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့သည်။

 

5

 

ဟောပြောပွဲတွင် မြို့နယ်အဆင့် တောမီးနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် မီးလောင် ကျွမ်းမှုများအား ကာကွယ်ထိန်းချုပ်နိုင်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း က ယခင်နှစ်များက ဒေသတွင်းမီးခိုးမြူငွေ့များ ကျရောက်သည့် အခြေအနေများနှင့် အသိပညာ ပေးကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ပြောကြားခဲ့သည်။

 

ထို့နောက် မိုင်းယုတိုက်နယ်ဆရာဝန် ဒေါက်တာအောင်အောင်ဝင်းထွဋ်က စွန့်ပစ်ပစ္စည်းများ မီးရှို့ရာမှ ထွက်ပေါ်လာသည့် ညစ်ညမ်းမီးခိုးငွေ့များကြောင့် ဖြစ်စေတတ်သည့် ကျန်းမာရေးဆိုးကျိုးများနှင့် ကိုယ်ဝန်ဆောင်မိခင်များ၊ကလေးငယ်များက ရှူရှိုက်မိပါက အသက်ရှူလမ်းကြောင်းဆိုင်ရာ ကင်ဆာ ရောဂါများအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲမှူး မျိုးမြင့်ဦး၊ မိုင်းယောင်းမြို့နယ်သစ်တောရုံးမှ တောအုပ်ဦးဝင်းအောင်၊ မိုင်းယုမီးသတ်ဦးစီးမှူး ဦးတင်စိုးခိုင်၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမြတ်စောမင်းတို့က ညစ်ညမ်းမီးခိုးမြူငွေ့များ လျှော့ချရေး၊ အခြားတောမီးရှို့မှုနှင့် ဂေဟစနစ်ဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေးတို့ကို ကဏ္ဍအလိုက် ဟောပြောခဲ့ကြသည်။

 

8

 

ထို့နောက် မိုင်းယောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးမှူး ဦးကျော်ကျော်မိုးက ရွှေ့ပြောင်းတောင်ယာ ခုတ်ထွင်ခြင်းမပြုဘဲ တစ်နေရာတည်းတွင် နှစ်ရှည်ကြာစွာ စိုက်ပျိုးနိုင်သည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်များကို ဟောပြောခဲ့ပြီး၊ သစ်တောသစ်ပင် စိမ်းလန်းစိုပြေမှုကြောင့် မြေဆီလွှာ ထိန်းသိမ်းရေးကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။

 

ယင်းနောက် တက်ရောက်လာကြသည့် ဒေသခံပြည်သူများ၏ သိရှိလိုသည့် မေးမြန်းချက်များကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီး၊ ဒေသနေပြည်သူလူထုအား သဘာဝ ပတ်ဝန်းကျင်ထိန်းရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။

 

အားချာ(ပြန်/ဆက်)