မိုင်းတွင်းအတွင်းမှာ ပိတ်မိနေတဲ့ ချီလီမိုင်းလုပ်သားတွေရဲ့ ရှင်သန်မှု 

၃၀ မတ်

လက်တင်အမေရိက နဲ့ ကယ်ရီဘီယန်နိုင်ငံတွေမှာ ကိုရိုနာဗိုင်းရပ်စ် COVID 19 ရောဂါကူးစက်ခံရသူ ၁၃,၉၃၉ ဦးနဲ့ သေဆုံးသူ ၂၈၇ ဦး ရှိသွားပြီလို့ မတ် ၂၉ ရက်ထုတ်ပြန်ချက်အရ သိရပါတယ်။ 

လက်တင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဘိုလီးဗီးယား၊ ကိုလံဘီယာ၊ အယ်ဆာဗာဒိုး၊ ပနားမား၊ ဗင်နီဇွဲလား နိုင်ငံတွေမှာ အသွားအလာတွေကို လုံးဝပိတ်ပင်လိုက်ပါတယ်။  

ချီလီနိုင်ငံမြို့တော် ဆန်တီယာဂိုမှာနေထိုင်တဲ့ လူဦးရေ ၁.၃ သန်းကို အသွားအလာ အကန့်အသတ်တွေအောက်မှာ နေထိုင်ရစဉ် တစ်နိုင်ငံလုံးမှာ ညအချိန် အပြင်မထွက်ရအမိန့် ထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ 

အခုလို အချိန်မျိုးမှာ အသွားအလာတွေအားလုံးပိတ်ခဲ့ရင် ဘယ်လို ရှင်သန်မယ်ဆိုတာ ကမ္ဘာတလွှား ဟိုးလေးတကျော် လူသိများခဲ့တဲ့ ၂၀၁၀ ခုနှစ်က ချီလီမိုင်းလုပ်သားတွေ မိုင်းတွင်းမှာ နှစ်လကျော်  ပိတ်မိ နေတဲ့အဖြစ်အပျက်နဲ့ ၁၉၇၂ ခုနှစ် အန်ဒီးစ်တောင်တန်းမှာ လေယာဉ်ပျက်မှု ကနေ လွတ်မြောက်ခဲ့တဲ့ သူအကြောင်းနဲ့ အကြံပြုထားပါတယ်။ 

ချီလီနိုင်ငံမြောက်ပိုင်းက ဆန်ဂျို့စ် မိုင်းတွင်းမှာ ပိတ်မိနေခဲ့တဲ့ မိုင်းလုပ်သား ၃၃ဦးထဲ က တစ်ဦးဖြစ်တဲ့ မာရီယို က သူတို့အတွေ့ကြုံကနေ တစ်ဆင့်  “ဘယ်တော့ စိတ်မလျှော့လိုက်နဲ့နော်။ ဟာသဉာဏ်က အရေးကြီးဆုံး ဖြစ်တယ်။ အိမ်ကို သန့်ရှင်းရေးလုပ်မယ်။ ပစ္စည်းတွေကို နေရာတကျ စီထားမယ်။ နေ့စဉ်လုပ်ရမယ့် တာဝန်ကို အစီအစဉ်ဆွဲထားမယ်။ အဲဒီအတိုင်းသာလုပ်နေ ဘယ်လိုမှ ပျင်းမသွားဘူး ”လို့ ပြောပါတယ်။ 

ဒါ့အပြင် မာရီယိုက “ကိုယ့်ကို ဘာတွေ လုပ်ရမယ် ဘယ်လိုနေထိုင်ရမှဆိုတာ ပြောထားတဲ့ အတိုင်းလုပ်ပါ။ အဲဒါက သိပ်အရေးကြီးပါတယ်။ လူထူထူမသွားတာမျိုး၊ မသွားမဖြစ်တဲ့နေရာမျိုးမှာ တစ်ဦးနဲ့တစ်ဦး နီးနီးကပ်ကပ်ရှိမနေတာမျိုး တွေနဲ့ လက်ကို စနစ်တကျသေချာစွာ ဆေးကြော တာမျိုးကို လိုက်နာလုပ်ဆောင်ရမယ်။ အခုကိစ္စက နိုင်ငံရေးပြဿနာ မဟုတ်ဘူး ကျန်းမာရေးပြဿနာသာဖြစ်တယ်”လို့ ဆိုပါတယ်။ 

ချီလီမိုင်းလုပ်သား ၃၃ ဦးဟာ ဆန်တီယာဂိုမြောက်ပိုင်းက မိုင် ၅၀ဝ လောက်ဝေးကွာတဲ့ အက်တာကာမာကန္တာရထဲရှိ မိုင်းတွင်းမှာ ရက်ပေါင်း ၆၉ ရက် ပိတ်မိခဲ့ကြတာဖြစ်ပါတယ်။ 

နောက်အဖြစ်အပျက်တစ်ခုကတော့ ၁၉၇၂ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့က အန်ဒီးစ်တောင်တန်းမှာ လေယာဉ်ပျက်ကျရာမှာ အသက်ရှင်ခဲ့သူ ၁၆ ဦးထဲမှာ ကာလိုစ့်က သူ့အတွေ့အကြုံနဲ့ ယှဉ်ပြီး အခုချိန် အိမ်အပြင်မထွက် အကြံပေးချက်ကို  ပြောပြထားပါတယ်။ 

၁၉၇၂ ခုနှစ်က ဉရုဂွေးရက်ဘီ အသင်းဟာ ချီလီနိုင်ငံမှာ ကစားဖို့သွား ရောက်စဉ်မှာ လေယာဉ်ပျက်ကျခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်အတွင်းမှာ ၁၂ဦးသေဆုံးပြီး ၁၇ဦး အသက်ဘေးကလွတ်မြောက်ခဲ့ပါတယ်။ ဒါပေမယ့် ၁၆ ဦး ကတော့ ရေခဲအောက် အပူချိန်ရှိတဲ့ အန်ဒီးစ်မှာ ရက်ပေါင်း ၇၀ အသက်ရှင် အောင် နေထိုင်နိုင်ပြီး အသက်ဘေးက လွတ်မြောက်ခဲ့ပါတယ်။ 

အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ ကားလို့စ်က “အခုဘယ်မှ မသွားရဘူးဆိုတာ နဲ့ သူ့အတွေ့ကြုံဟောင်းဟာ အင်မတန် ကွာခြားပါတယ်။ အန်ဒီးစ်မှာ ပိတ်မိခဲ့စဉ်က သုညအောက်အနှုတ် ၂၅ ဒီဂရီရှိတဲ့ အပူချိန်မှာ စားစရာမရှိ၊ စက်သွယ်ရေးကလည်း မရှိနဲ့လေ၊ အခုက ဘာမှ လုပ်စရာမလိုဘူး အိမ်တွင်းမှာဘဲ နေဖို့ နဲ့ လက်ဆေးဖို့ဘဲလေ။ ရုပ်မြင်သံကြားရှိမယ်။ အင်တာနက်ရှိမယ်။ စားစရာရှိမယ်။ အဲဒါကို ဘာကြောင့် အပြစ်တင်နေတာလဲ”လို့ပြောပါတယ်။ 

သီတင်းပတ် ၁၀ ပတ်ဖြတ်သန်းစဉ်က တောင်တန်းတွေ၊ နှင်းတွေ ရေခဲတွေနဲ့အခုက မမြင်နိုင်တဲ့ ရန်သူကို ရန်သူကို တိုက်နေရတာဖြစ်တယ်။ မမြင်ရတဲ့ ရန်သူကို တိုက်နေတဲ့အခါ ထုတ်ပြန်ချက်အတိုင်း အိမ်ထဲမှာ နေမယ်။ လက်ဆေးမယ်။ ဘာကြောင့် အခုလို လိုက်နာရတာလဲဆိုတော့ ရှင်းရှင်းလေးပါ အသက်ရှင်ချင်လို့ ကားလို့စ်က ဆက်ပြောပါတယ်။ 

ချီလီနိုင်ငံမှာ ရောဂါကူးစက်ခံရသူ ၂၁၃၉ ဦးရှိပြီး သေဆုံးသူ ၇ ဦးရှိကြောင်း မတ် ၃၀ ရက်နေ့ထုတ်ပြန်ချက်အရသိရပါတယ်။ 


MDN
ကိုးကား - AFP