မိုင်းရယ်မြို့မဈေးကြီး၌ မီးလောင်မှုဖြစ်ပွား

မိုင်းရယ် ၂ ဖေဖော်ဝါရီ

 

မိုင်းရယ်မြို့ မြို့မဈေးကြီးအတွင်းရှိ လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင် တစ်ဆိုင်တွင် ယနေ့ နံနက် ၉ နာရီခွဲခန့်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိုင်းရယ်မြို့ ရပ်ကွက်(၂)နေ ဒေါ်စိန်လေး ပိုင်ဆိုင်သည့် လူသုံးကုန်နှင့် အလှကုန်ပစ္စည်းများ ရောင်းချသည့်ဆိုင်တွင် ရေနွေးအိုးတည်ထားရာမှ အပူလွန်ကဲပြီး မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ မိုင်းရယ်မြို့နယ် မီးသတ်စခန်းမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝေဖြိုးလွင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက်ငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ ၄၀ မိနစ်တွင် မီးငြှိမ်းသတ်နိုင်ခဲ့ကြောင်း သိရသည်။

 

မီးလောင်ကျွမ်းမှုကြောင့် လူ၊ တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ဆိုင်ခန်းအတွင်းရှိ ပစ္စည်းများ မီးလောင်ဆုံးရှုံးခဲ့ပြီး မီးပေါ့ဆစွာသုံးစွဲသူ ဒေါ်စိန်လေးအား အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

 

ခင်မာလာ(ပြန်/ဆက်)