မိုင်းပျဉ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ခုနစ်ဦး ထပ်မံတွေ့ရှိ

မိုင်းပျဉ်း  ဇူလိုင်               ၁၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် ဇူလိုင် ၁၇ ရက်က ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာ ခုနစ်ဦး ထပ်မံတွေ့ရှိခဲ့သဖြင့် စုစုပေါင်း ၆၅ ဦးအထိ ရှိပြီဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့ အဝင်/အထွက် ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် ဇူလိုင် ၁၇ ရက်က ခရီးသွားလာသူများအား စစ်ဆေးမှုများပြုလုပ်စဉ် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ ခြောက်ဦးနှင့် မိုင်းပျဉ်းမြို့ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိသူ တစ်ဦး စုစုပေါင်း ခုနစ်ဦး ထပ်မံစစ်ဆေးတွေ့ရှိခဲ့ကြောင်းသိရပြီး ၎င်းတို့နှင့်ထိတွေ့ခဲ့သူများအား အသွားအလာကန့်သတ်ထားပြီး ကျန်းမာရေးစစ်ဆေးမှုများဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မိုင်းပျဉ်းမြို့နယ်တွင် ဇွန် ၃၀ ရက်မှ ဇူလိုင် ၁၇ ရက်ထိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ ၆၅ ဦး တွေ့ရှိခဲ့ပြီး ဇူလိုင် ၁၇ ရက်ထိ ဆေးရုံဆင်းခွင့်ရရှိသူ ၁၁ ဦးရှိပြီဖြစ်ကာ ကျန်ရှိနေသေးသည့် အတည်ပြု လူနာများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်၌ ထားရှိဆေးကုသမှုပေးလျက်ရှိကြောင်း သိရသည်။

မေမွန်ထွဋ်(ပြန်/ဆက်)