မိုင်းပျဉ်း၊ ၂၇ ဇန်နဝါရီ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ မြို့စောင့်နတ် ရိုးရာပူဇော်ကန်တော့ပွဲကို ဇန်နဝါရီ ၂၆ ရက်က ကျင်းပခဲ့ကြောင်း သိရသည်။
မိုင်းပျဉ်းမြို့နယ်တွင် ယခင်က ကျွဲ၊ ဝက်၊ ကြက် စသည့် တိရစ္ဆာန်များဖြင့် ပူဇော်ပသလာခဲ့ သော်လည်း ကောဇာသက္ကရာဇ် ၁၃၆၃ ခုနှစ်၊ တပေါင်းလဆန်း ၁၂ ရက်မှစ၍ ယနေ့အထိ မြို့မိ မြို့ဖများ ဦးဆောင်ကာ ရဟန်းသံဃာတော်များအား ပင့်ဖိတ်၍ တရားတော်နာယူခြင်း၊ သံဃာတော်များအား သားသတ်လွတ် ဆွမ်း၊ ခဲဘွယ်၊ ဘောဇဉ်များ ဆက်ကပ်လှူဒါန်းခြင်းတို့ကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ရာ ယခုနှစ်တွင်လည်း ဇန်နဝါရီ ၂၆ ရက် မွန်းတည့် ၁၂ နာရီမှ ၂၇ ရက်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြို့စောင့်နတ် ရိုးရာပူဇော်ကန်တော့ပွဲသည် ရိုးရာဓလေ့ဖြစ်သည့်အပြင် မြို့သူ မြို့သားတို့၏ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး စသည့် အရာခပ်သိမ်း ပြည့်စုံစေရန် ဆုတောင်းသည့်ပွဲဖြစ်၍ မြို့ပေါ် ပြည်သူများသာမက နီးစပ်ရာ ကျေးရွာများမှလည်း လာရောက်၍ ပူဇော်ကန်တော့ကြ ကြောင်းသိရသည်။
မေမွန်ထွဋ်(ပြန်/ဆက်)


