မိုင်းပန်မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေးဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မိုင်းပန်  ၂၉  ဇန်နဝါရီ                 

           

ရှမ်းပြည်နယ် (တောင်ပိုင်း) မိုင်းပန်မြို့နယ်၊ ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Rota Vaccine) ဆိုင်ရာ မြို့နယ်အဆင့် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

           

အခမ်းအနားတွင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာတင်ခိုင်မှ ဆုံဆို့-မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta4) နှင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ဆေး (Rota Vaccine) ကို ပုံမှန်ကာကွယ် ဆေးထိုး/ ဆေးတိုက် အစီအစဉ်တွင် စတင်ထည့်သွင်းတိုက်ကျွေး ထိုးနှံခြင်းဆိုင်ရာ အကြောင်းအရာများအား အသိပညာပေး ဆွေးနွေးသည်။

 

ရိုတာဗိုင်းရပ်(စ်)ကူးစက်ပျံ့နှံ့နိုင်သည့် အခြေအနေများ၊ ကြိုတင်ကာကွယ်ရာတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များ၊ မြန်မာနိုင်ငံအတွင်း ဒေသအလိုက် ရောဂါဖြစ်ပွားမှု အခြေအနေများကို အသေးစိတ် ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

           

ဆွေးနွေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မျိုးထွန်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဖိတ်ကြားထားသော ဧည့်သည်များနှင့် ကျန်းမာရေးဝန်ထမ်းများ စုစုပေါင်း (၃၀) ကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

 

ကိုဆန်း (မိုင်းပန်)