မိုင်းဖြတ်၌ ပုံမှန်ဝင်ငွေမရှိသော မိသားဝင်များအတွက် အခြေခံစားသောက်ကုန် ၅မျိုး ဝေငှပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မိုင်းဖြတ် ၇  ဧပြီ

 

Coronavirus Disease 2019 (ကိုဗစ်-၁၉) ကာကွယ်၊ ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီမှ မဟာသင်္ကြန်ရုံးပိတ်ရက်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ အတွက် အခြေခံစားသောက်ကုန်(၅)မျိုးကို ဝေငှပေးသွားမည်ဖြစ်ရာ ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ် မြို့နယ် တွင် မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဧပြီလ ၇ရက် နံနက် ၁၀နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌   ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က စာရင်းကောက်များအနဖြင့် အခြေခံလူတန်းစား အိမ်ထောင်စုစာရင်းများအား ရပ်ကွက်/ကျေးရွာများအလိုက် စနစ်တကျ ကောက်ယူရရေး၊ စာရင်းများ ပြုစု ကောက်ယူရာတွင် အခြေခံလူတန်းစားမိသားစုများကိုသာ စာရင်းပြုစုပေးနိုင် ရေးနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။

           

အဆိုပါစာရင်များကောက်ယူရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားများ၏ အိမ်ထောင်စု စာရင်းအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးစီးကာ မီးသတ်ဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ရပ်မိရပ်ဖများက စာရင်းများကို စနစ်တကျကောက်ယူရရှိမှုအပေါ် အဆိုပါ မိသားစုများအား ဆန် ၈ ပြည်၊ ဆီ ၅၀ ကျပ်သား၊ ပဲ ၁ပိဿာ၊ ဆား ၅၀ ကျပ်သား၊ ကြက်သွန်နီ ၁ ပိဿာ စသည့် အခြေခံစားကုန် ၅ မျိုးကို ဝေငှပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)