မိုင်းဖြတ်၌ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေးဟောပြော

မိုင်းဖြတ် မတ်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက မွန်ကာကျောင်းကျေးရွာအုပ်စု၊ ညောင်ပင်သာ ကျေးရွာ ..ကကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က မိမိတို့ဒေသများအတွင်း မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးအတွက်  တောမီးများမရှို့စေရေး၊  ဝမ်စာရေးအတွက်  တောင်ယာစပါးများစိုက်ပျိုးရာတွင် အလှည့်ကျ စနစ်တကျ မီးရှို့စနစ်ဖြင့် ဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

 

အခမ်းအနားတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါအကြောင်း  သိကောင်းစရာများနှင့်  ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများနှင့် ဆောင်ရန် ရှောင်ရန်အချက်များ၊ မြေဆီလွှာပြုန်းတီးမှုမှ ကာကွယ်နိုင်သည့် တောင်စောင်း စိုက်ပျိုးနည်းစနစ်များ၊ အမျိုးသားမှတ်ပုံတင်ရေးနှင့် အိမ်ထောင်စုစာရင်း ပုံစံ(၁၀) ထုတ်ပေးခြင်းဆိုင်ရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း၊ မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ၊ မီးဘေးလုံခြုံရေးဆိုင်ရာ သိကောင်းစရာများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးဆိုင်ရာများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာ သိကောင်းစရာများနှင့် စာပေအသိပညာမှ  လူမှုဘဝ ဖွံ့ဖြိုးရေးဆိုင်ရာ  သိကောင်းစရာများ စသည်တို့ကို သက်ဆိုင်ရာတာဝန်ရှိသူများက အသီးသီး ရှင်းလင်းပြောကြားပြီး အသိပညာပေး  လက်ကမ်းစာစောင်များကို   ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရှောလမွန်(မိုင်းဖြတ်)