မိုင်းဖြတ်မြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာနှစ်ဦး ထပ်မံတွေ့ရှိ

မိုင်းဖြတ် ဇူလိုင် ၁၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် ၁၇ ရက် မွန်းလွဲပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ Fever Clinic သို့ ကျန်းမာရေး လာရောက်စစ်​ဆေးရာမှ ကိုဗစ်-၁၉ ​ရောဂါ အတည်ပြုလူနာ နှစ်ဦး ထပ်မံတွေ့ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉ အတည်ပြုလူနာ နှစ်ဦးအနက် မိုင်းဖြတ်မြို့နယ်၊ တောညုကျေးရွာအုပ်စု၊ ဆွပ်ပန်းကျေးရွာနေ အသက် ၁၈ နှစ်အရွယ် အမျိုးသားသည် တာချီလိတ်မြို့၊ ဆန်ဆိုင်းရပ်ကွက်တွင်နေထိုင်၍ မြတ်ရွှေဟိုတယ်၌ အလုပ်လုပ်ကိုင်ခဲ့ပြီး အလုပ်နားသဖြင့်  ဇူလိုင် ၁၇ ရက်က မိုင်းဖြတ်မြို့နယ်၊ ဆွပ်ပန်းကျေးရွာသို့ ပြန်လာ၍ နေအိမ်၌ ရှိနေချိန် အနံ့ပျောက်သဖြင့် မြို့နယ်ပြည်သူ့ဆေးရုံရှိ ကိုဗစ်-၁၉ Fever Clinic ၌ RDT Test Kit ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ​ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ကျန်တစ်ဦးမှာ တာချီလိတ်မြို့​၊ ဟောင်လိတ်ရပ်ကွက်၌ မိခင်နှင့် အတူနေထိုင်သည့် အသက် ၁ နှစ် ၁၁ လအရွယ် သမီးကလေးဖြစ်ပြီး ဇူလိုင် ၁၆ ရက်က အဖွားရှိရာ မိုင်းဖြတ်မြို့နယ်၊ နမ့်လန်းကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန၊ ဝန်ထမ်းအိမ်ရာသို့ ရောက်ရှိခဲ့ပြီး ဇူလိုင် ၁၇ ရက် ညနေပိုင်းတွင်  RDT Test Kit ဖြင့်စစ်ဆေးရာ သမီးငယ်တွင် ကိုဗစ်-၁၉​ ရောဂါ တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ကလေးငယ်နှင့်ထိတွေ့ခဲ့သူ သုံးဦးတို့၌ ကိုဗစ်-၁၉ ​ရောဂါပိုး မ​တွေ့​ရှိကြောင်း သိရသည်။

 

အဆိုပါ ကိုဗစ်-၁၉​ ရောဂါပိုး ​တွေ့ရှိသူ နှစ်ဦးမှာ ကျန်းမာ​ရေး​ကောင်းမွန်သဖြင့် မိမိတို့​နေထိုင်ရာအိမ်၌ Home Quarantine  ထားရှိ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ မိုင်းဖြတ်မြို့နယ်တွင် ဇူလိုင် ၁ရက်မှ ၁၇ ရက်အထိ ကိုဗစ် ၁၉ အတည်ပြုလူနာ ခြောက်ဦးအထိ ရှိလာပြီဖြစ်ကြောင်း သိရသည်။

 

​ရွှေကို(မိုင်းဖြတ်)