မိုင်းဖြတ်မြို့ အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်မြတ်ကြီး၌ ဆီမီးတစ်ထောင် ကပ်လှူပူဇော်

မိုင်းဖြတ်  ၁၃  အောက်တိုဘာ

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့နယ်တွင် အောက်တိုဘာ ၁၂ ရက် ညနေ ၆ နာရီက  မြို့တွင်းသို့ ဆီမီးတစ်ထောင် လှည့်လည်ခြင်းနှင့် ထေရဝါဒ ဗုဒ္ဓသာသာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သည့် အောင်ဇမ္ဗူဆုတောင်းပြည့် စေတီတော်ကြီး၌ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ ဓမ္မစကူး ကျောင်းသား ကျောင်းသူများ၊ ဆရာ ဆရာမများ၊ အဘိဓမ္မာ အသင်းသား အသင်းသူများ၊ မြို့သူ မြို့သားများက ဆီမီးများထွန်းညှိ၍ လှည့်လည်ခြင်းကို ထေရဝါဒ ဗုဒ္ဓသာသာပြု(ဗဟို) ကျောင်းတိုက်အတွင်းမှစ၍ ပြည်ထောင်စု လမ်းမကြီးတစ်လျှောက် ဈေးတန်းရပ်ကွက်အထိ ဆီမီးများ လှည့်လည်ပူဇော်ခဲ့ကြသည်။

 

ထို့နောက် ထေရဝါဒ ဗုဒ္ဓသာသာပြု(ဗဟို) ကျောင်းတိုက်အတွင်း တည်ထားကိုးကွယ်သော အောင်ဇမ္ဗူ ဆုတောင်းပြည့်စေတီတော် ရင်ပြင်တော်နှင့် ပရဝုဏ်အတွင်း ဆီမီးတစ်ထောင် ကပ်လှူပူဇော်ခြင်းဖြင့် စုပေါင်း ကုသိုလ်ပြုကြကာ အလှူရှင်များက စတုဒီသာများဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။

 

သန်းထွန်းအေး(ပြန်/ဆက်)