မြိုင် ၁၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ပိုင်း ဒေသများ စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ရန်ပုံငွေဖြင့် မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာနှစ်ရွာ၌ စိုက်ပျိုးမြေ ဧက ၁၇၀၀ အကျိုးပြုမည့် ကျေးလက် ကုန်ထုတ်လမ်းနှစ်လမ်းကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စတင်ဖောက်လုပ်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ စိုက်ပျိုးရေးဖွံ့ဖြိုးမှု ရန်ပုံငွေအဖွဲ့ (IFAD)တို့ ပူးပေါင်း၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အနောက်ပိုင်းဒေသများ စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(WSAP) ခွင့်ပြုရန်ပုံငွေကျပ် ၁၇၆ ဒသမ ၂၅ သန်းဖြင့် မြိုင်မြို့နယ်အတွင်းရှိ ကျောက်ဆောက်ကျေးရွာ ကုန်ထုတ်လမ်း အရှည် နှစ်မိုင် လေးဖာလုံ အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက်မထု၊ မြေနီကျောက်စရစ် ကိုးလက်မထုခင်းခြင်း၊ ညောင်ညိုတောကျေးရွာ ကုန်ထုတ်လမ်း အရှည် တစ်မိုင် အကျယ် ၁၂ ပေ၊ အမြင့် ကျောက်ရောမြေ တစ်ပေခြောက်လက်မထု၊ မြေနီကျောက်စရစ် ကိုးလက်မထု ခင်းခြင်းနှင့် ကုန်ထုတ် တံတားအဖြစ် Box Culvert လေးစင်း၊ ရေပြွန်လေးစင်း၊ အရှည် ၂၀၀ အကျယ် ၁၈ ပေရှိ ရေကျော်တစ်စင်း တည်ဆောက်ခြင်း လုပ်ငန်းတို့ကို တင်ဒါအောင်မြင်သည့် Well-Set ကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်ခဲ့ရာ ယခုအခါ လုပ်ငန်းအားလုံးရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း မြိုင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်မင်းထွန်းက ပြောသည်။
အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်၊ ဒုတိယညွှန်ကြားရေးမှူး (နည်းပညာ) ဦးအောင်ကြီးနှင့် သက်ဆိုင်ရာ ခရိုင်၊ မြို့နယ်အဆင့် တာဝန်ရှိသူများက ထန်းတောကုန်းကျေးရွာ၊ ငမို့ကြီးကျေးရွာနှင့် ငမို့လေးကျေးရွာ ကုန်ထုတ် လမ်းဖောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များဖြည့်စွက် မှာကြားသည်။
အဆိုပါ ကျောက်ဆောက်ကျေးရွာနှင့် ညောင်ညိုတော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းများ ဆောင်ရွက်နိုင်မှုကြောင့် အကျိုးပြု ကျေးရွာနှစ်ရွာ၊ အိမ်ခြေ(၆၅၄)၊ လူဦးရေ (၃၂၄၅)ဦးတို့၏ စိုက်ပျိုးမြေဧက ၁၇၀၀ ဧကကို အကျိုးပြုနိုင်မှာဖြစ်ပြီး အဆိုပါစိုက်ပျိုးမြေများမှ ထွက်ရှိသော လယ်ယာထုတ်ကုန်၊ ထွက်ကုန်တွေကို ဈေးကွက်အတွင်းသို့ ကုန်ကျစရိတ် သက်သာစွာ အလွယ်တကူ သယ်ယူပို့ဆောင်နိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
သန်းလွင်(မကွေး)


