မြိုင်ကြီးငူ အထူးဒေသသို့ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်း

လှိုင်းဘွဲ  ၁၉  နိုဝင်ဘာ

 

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် နေထိုင်ကြသော တိုက်ပွဲရှောင် စခန်းရှိ ပြည်သူများ တစ်ဦးနှင့်တစ်ဦးချစ်ခင်ရင်းနှင်းမှုများ ရှိလာစေရန်၊ အားကစားစိတ်ဓာတ်များ ရင့်သန် လာစေရန်၊ ရည်ရွယ်၍ အားကစားပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို ယမန်နေ့က မြိုင်ကြီးငူ အထူးဒေသ အေးလင်းသာယာကွင်း ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က အဖွင့်အမှာ စကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုငက အားကစားပစ္စည်းပေးအပ်လှူဒါန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြား ခဲ့သည်။

 

ထို့နောက် ကရင်ပြည်နယ် လွှတ်တော်ဥက္ကဌ ဦးစောချစ်ခင်က စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးထွန်းထံသို့ လည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင် က ကျောင်းဆရာဦးဘိုဘိုထွန်းထံသို့လည်းကောင်း ပေးအပ်ခဲ့သည်။

 

အားကစား ပစ္စည်းများအနေဖြင့် ပိုက်ကျော်ခြင်းလုံး၊ ရိုးရာခြင်းလုံး၊ ကြက်တောင်၊ ဘောလုံး၊ ခါးလှည့်ကွင်း၊ ခုန်ကြိုး၊ စားပွဲတင်တင်းနစ် စသောအားကစားပစ္စည်း(၁၉)မျိုးအား ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ခင်စန်းမြင့်(ပြန်/ဆက်)