မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး PPE ဝတ်စုံများ စနစ်တကျ ဝတ်ဆင်နည်းသရုပ်ပြ

မိုးနဲ   ၂၃ ဧပြီ

ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်  မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလတွင် တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်စုံပြည့် စနစ်တကျဝတ်ဆင်မှု သရုပ်ပြလေ့ကျင့် နည်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့က ပူးပေါင်းကာ ယနေ့နံနက် ၉ နာရီက မြို့နယ်ခန်းမ၌ ဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီ အတွင်း‌ရေးမှူး ‌မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇင်မီဟန်က စနစ်တကျ လက်ဆေးနည်း၊ N.95 နှာခါင်းစည်းတပ်ဆင်နည်းကို သရုပ်ပြရှင်းလင်းပြောကြားပြီး မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သင်းလဲ့လဲ့ထွန်းနှင့်ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူများနှင့် ကြုံတွေ့လာခဲ့ပါက ကိုင်တွယ်ကုသရာတွင် ရောဂါကူးစက်မှုမရှိစေရေးအတွက်  တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (PPE) ဝတ်စုံပြည့် ဝတ်နည်း၊ ချွတ်နည်းကို လက်တွေ့သရုပ်ပြသပေးခဲ့သည်။

 

a

 

အဆိုပါသရုပ်ပြလေ့ကျင့်မှုသို့  မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ကြက်ခြေနီအသင်းခွဲမှတပ်ဖွဲ့ဝင်များ ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ နှင့် (PPE) ဝတ်စုံပြည့်ဝတ်ဆင်နည်း  လက်တွေ့ဝတ်ဆင်မှုကို စိတ်ပါဝင်စားသူ များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

မျိုးညွန့်ရွှေ (မိုးနဲ)