မိုးနဲမြို့၌ မိုးစပါးမျိုးစေ့ထုတ် စိုက်ခင်းများအတွင်း မျိုးကွဲနုတ်ပယ်ခြင်း၊ ပိုးမွှားရောဂါ ကြိုတင်ကာကွယ်‌ရေး ဆောင်ရွက်

မိုးနဲ စက်တင်ဘာ ၃၀

 

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် အကျိုးဆောင် တောင်သူများ ပူးပေါင်းစိုက်ပျိုးထားသော ရွှေရင်အေး မျိုးစေ့ထုတ် စပါးနှင့် DU-12 စပါး မျိုးစေ့ထုတ် စပါးခင်းများအတွင်း စက်တင်ဘာ ၃၀ ရက် နံနက်ပိုင်းက မျိုးကွဲနုတ်ပယ်ခြင်းနှင့် သီးနှံကာကွယ်ရေး ပိုးမွှား၊ ရောဂါကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ဆောင်ရွက်ရာတွင် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှုး ဦးဇော်မော်ဦးနှင့် ဝန်ထမ်းများက မြို့နယ်ဘက်စုံ အဆင့်မြင့်နည်းပညာသုံး စံပြကျေးရွာ (ဆီဆုံ) စိုက်ပျိုးထားသော ရွှေရင်အေး မျိုးစေ့ထုတ် စပါးခင်းနှင့် DU-12 စပါး မျိုးစေ့ထုတ် စပါးခင်းများတွင် (field inspection) စစ်ဆေးခြင်း၊ ပေါင်းမြက်ကင်းစင်ရေးနှင့် ပိုးမွှားရောဂါ ကျရောက်မှု မရှိစေရေးအတွက် ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်း ပြုလုပ်ခဲ့သည်။

 

mdn

 

မျိုးကွဲနုတ်ပယ်ရခြင်းမှာ မျိုးစေ့ထုတ် စံပြကွက်များ အထွက်နှုန်း တိုးတက်စေရေး၊ အရည်အသွေး ကောင်းမွန်သော မျိုးကောင်းမျိုးသန့် ရရှိရေးနှင့် ထွက်နှုန်း ကောင်းမွန်စေရေးအတွက် မျိုးကွဲ စစ်ဆေးခြင်း၊ မျိုးကွဲနုတ်ပယ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ မျိုးစေ့ထုတ် စပါးမျိုးများကို နမ့်မော်ဆွမ့်ကျေးရွာအုပ်စုနှင့် နောင်မြိုင်းကျေးရွာအုပ်စုရှိ အကျိုးဆောင် တောင်သူများက ၃၅ ဧက စိုက်ပျိုးထားရှိပြီး ယခုနှစ် မိုးစပါးစိုက်ပျိုးဧကပေါင်း ၉၅၉၅ ဧက ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

 

မျိုးညွန့်ရွှေ(မိုးနဲ)