မြို့မငြိမ်း အပြုံး

ဆူးငှက်
 

ဒီနှစ် ၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ အလင်္ကာကျော်စွာ မြို့မငြိမ်း ကွယ်လွန်တာ ၆၅ နှစ်ရှိပါပြီ။

 

မြန်မာသီချင်း (Modern Classic) များကို သီကုံးရေးဖွဲ့သွားခဲ့သူ

စာရေးဆရာ သတင်းစာဆရာမကြီး လူထုဒေါ်အမာက မြို့မငြိမ်းကို အခုလို ကောက်ချက်ချပါတယ်။
“မြန်မာ့တေးဂီတသမိုင်းတွင် နှစ်ကာလရှည်လျားစွာ တည်တံ့ကျန်ရစ်မည့် သတ္တိများရှိသော မြန်မာသီချင်း (Modern Classic) များကို သီကုံးရေးဖွဲ့သွားခဲ့သည့် မြို့မငြိမ်းကား အသေစော၍ နှမြောထိုက်သည့် မြန်မာ့ သားကောင်းတစ်ဦးပါပေ။ ဆရာငြိမ်းသည် အနုပညာပါရမီ ထူးသူဖြစ်သဖြင့် အကယ်၍သာ အရင်းရှင်စနစ်အတွက် ဆရာငြိမ်းလို ငယ်ရွယ်သေးသူကို စတေးမပေးလိုက်ရပါက ဆရာငြိမ်းသည် ယခုနေအချိန်၌ သူရည်မှန်းတမ်းတသည့် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတနှင့် ရင်ပေါင်တန်းနိုင်ရေးကို ဆက်လက်၍ ကြိုးပမ်းနေဦးမည် မုချဖြစ်သည်။ သို့ ကြိုးပမ်းရင်း သူကပူဆာ၊ ငါကပူဆာကြမှုများကြောင့် ချစ်စဖွယ် ဆန်းကြယ်သည့် မြန်မာ့တေးသီချင်းကလေး တွေကိုလည်း တစ်ပုဒ်ပြီးတစ်ပုဒ် သီကုံးရေးဖွဲ့နေဦးမည် ဧကန်ဖြစ်သည်။


မြို့မဆရာငြိမ်းကို ပြည်သူက သိသည်မှာ သီချင်းရေး ဆရာဟူ၍သာ သိကြသည်။ သို့သော် ဆရာငြိမ်း၏ ရည်မှန်းချက်နှင့် သူတစ်သက်လုံး အချိန်ပြည့်ကြိုးပမ်း သွားမှုသည် မြန်မာ့ဂီတကို ကမ္ဘာ့ဂီတအဆင့်သို့ မြှင့်တင် နိုင်ရေး တိုးမြှင့်နိုင်စေရန် ဆင်ဖိုနီ(Symphony) ခေါ် မြန်မာသံစုံတီးဝိုင်းကြီးတစ်ဝိုင်း ဖွဲ့စည်းနိုင်ရေးသာလျှင် ဖြစ်လေသည်။” …တဲ့။

 

ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး

၁၉၂၅ ခုနှစ်မှာ ဦးဘသက်၊ ဓားတန်းကိုသန့်၊ ကိုဘ အုန်း၊ ကိုဘငွေ၊ကိုလှဒင်၊ကိုမြသိန်းတို့နှင့်အတူ ဗုဒ္ဓဝေယျာ ဝစ္စ မြို့မအပျော်တမ်း တူရိယာအသင်းကို တည်ထောင်ခဲ့ တယ်။ လိုအပ်တဲ့ တူရိယာပစ္စည်းများနှင့် ငွေကြေးအချို့ ကိုလည်း ဆိုင်းတန်းရပ် အပေါင်ဆိုင်ပိုင်ရှင် ဦးတော်လုံက စိုက်ထုတ်ပေးခဲ့တယ်။ ၁၉၂၈ ခုနှစ်ကစပြီး မြို့မအသင်း သားများကို ဓားတန်းကိုသန့်နှင့်ပေါင်းပြီး အနောက်တိုင်း ဂီတသင်္ကေတပညာများ သင်ကြားပေးခဲ့တယ်။ မောင်ကျော်ညိန်း(ဝါ)မြို့မငြိမ်း ပါဝင် စုစည်းခဲ့ကြတဲ့ မြို့မ တူရိယာအသင်းကလည်း...


(က) မြန်မာသီချင်းကြီးများ ဆည်းပူးပြန့်ပွားရေး၊

(ခ) ကမ္ဘာသုံးတူရိယာများ လေ့လာသင်ကြား တတ်မြောက်ရေး၊

(ဂ) music note အမှတ်အသားပညာဖြင့် ရေးသား ထားသော တူရိယာပညာကို ဆည်းပူးလေ့လာ ရန်၊

(ဃ) ကမ္ဘာ့ခေတ်မီ တူရိယာဝိုင်းကြီး ဖြစ်မြောက်ရေး၊

(င) ရှေးမြန်မာ သီချင်းကြီးများကို ကျွမ်းကျင်သူများနှင့် ညှိနှိုင်း၍ ကမ္ဘာသုံးဖြစ်သော music note ပညာဖြင့် ကူးပြောင်းလေ့လာရန်၊

(စ) မြန်မာနိုင်ငံတော်အတွင်း တူရိယာအသင်းများက ဆက်သွယ်ပါလျှင် တတ်အားသမျှ အားပေးကူညီရန်၊

 

ဆိုတဲ့ ရည်ရွယ်ချက်များ ချမှတ်ခဲ့တဲ့အတွက် မြန်မာ သီချင်းကြီးတွေကို ခေတ်မီအနောက်တိုင်း တူရိယာပစ္စည်း များဖြင့် ဂီတသင်္ကေတပညာ အသုံးပြုကာ တီးမှုတ်ရေးမှာ ဧရာမ ကနဦး စွန့်စားမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။ ၁၉၃၀- ၃၁ခုနှစ်များတွင် မဟာဂီတသီချင်းကြီးများကို အနောက် တိုင်းတူရိယာ၊ အနောက်တိုင်း ဂီတသင်္ကေတများဖြင့် ဝိုင်းဖွဲ့ တီးမှုတ်မှုကို ဦးတည်နိုင်ရေးအတွက် မြို့မ တူရိယာ အသင်းကို ဦးဆောင်ပြီး “တောမြိုင်ခြေလမ်း” ယိုးဒယား သီချင်းကြီးကို အနောက်တိုင်း တူရိယာ၊ အနောက်တိုင်း သင်္ကေတများဖြင့် ဝိုင်းဖွဲ့ကာ စတင်တီးမှုတ်ခဲ့တယ်။

 

မြန်မာသီချင်းကြီးတွေကို music note တို့နှင့် မှတ်တမ်းတင် တီးမှုတ်၍ ရ,မရ

၁၉၅၂ ခုနှစ်မှာ ဝန်ကြီးတစ်ဦးဖြစ်သူ ဦးထွန်းဖေရဲ့ မေးမြန်းချက်အရ မြန်မာသီချင်းကြီးတွေကို music note တို့နှင့် မှတ်တမ်းတင် တီးမှုတ်၍ ရ,မရဆိုတဲ့ မေးခွန်းအပေါ် “စံရာတောင်ကျွန်း” ကြိုးသီချင်းကြီးကို မြို့မအသင်းသား များက တီးမှုတ်စေကာ သက်သေပြခဲ့တယ်။ တကယ်တော့ မြန်မာသီချင်းကြီးတွေကို ဂီတသင်္ကေတအသုံးပြုပြီး ခေတ်မီတူရိယာပစ္စည်းတွေနှင့် တီးမှုတ်နေတာ မြို့မ စတင်ဖွဲ့စည်းခဲ့တဲ့ ၁၉၂၈ခုနှစ်ကတည်းကပါပဲ။ ဒါကြောင့် ဝန်ကြီးက မြန်မာသီချင်းကြီးတွေကို ကမ္ဘာသုံးသင်္ကေတ နှင့် ရေးသားပြုစုထိန်းသိမ်းရင် နောင်အရှည်သဖြင့် အကျိုးများဖွယ်ရှိကြောင်း နားလည်သဘောပေါက်တော့ ကက်ဘိနက်တွင် ညှိနှိုင်းဆွေးနွေး ဆုံးဖြတ်ချက်ရယူကာ နောက်တစ်နှစ်အကြာ (၁၉၅၃ခု၊ ဧပြီလ) မှာ မဟာဂီတ အကြံပေးအဖွဲ့ဖွဲ့ပြီး မဟာဂီတသီချင်းကြီးများကို သီဆို တီးမှုတ်ခြင်းနှင့် မူမှန်စံပြထားရှိရေး၊ အမှတ် သင်္ကေတ ပြုရေး၊ အသံသွင်းထားရေးနှင့် ရုပ်ပေါ်သံထွက် ပြုလုပ်ရေး ကိစ္စကို ဆောင်ရွက်ခဲ့တယ်။


၁၉၅၃ ခုနှစ် ပီကင်း (ယခုဘီဂျင်း)မှာကျင်းပမယ့် ကမ္ဘာ့ ငြိမ်းချမ်းရေး ညီလာခံအတွက် “ကမ္ဘာ့ငြိမ်းချမ်းရေး” သီချင်းကို ရေးစပ်ခဲ့တယ်။ “ကမ္ဘာ့ငြိမ်းချမ်းရေး” သီချင်း ကို ရေးစပ်ခဲ့လို့ အဲဒီကာလ အာဏာရအစိုးရရဲ့ ငြိုငြင်ခြင်း ကို ခံခဲ့ရသေးတယ်။

 

ဂီတမှာ နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုမထားအပ်

၁၉၅၄ ခုနှစ်မှာတော့ မန္တလေးရုပ်ရှင်ကုမ္ပဏီလီမိတက် မှာ ဂီတမှူးအဖြစ် တာဝန်ယူကာ Musical Picture ကားပိုင်းတိုများနှင့်အတူ အငြိမ့်တိမ်ထိုး၊ ရွှေအိုးစည် တီးကွက်၊ တိမ်လွှာမို့မိုလွင်နှင့် အိမ်သူပီပီသီချင်းတို့ကို တီထွင် တီးမှုတ် ကြိုးပမ်းခဲ့တယ်။ ဆရာမြို့မငြိမ်းရဲ့ ဂီတအလုပ်ဆိုတာက သီချင်းတွေရေးရုံနဲ့ တင်းတိမ် ကျေနပ်အချိန်ကုန်ခဲ့တာ မဟုတ်ခဲ့ဘူး။ ဆရာ့ရည်ရွယ် ချက်၊ ဆရာ့စိတ်ကူးစိတ်သန်းက မြို့မတူရိယာအသင်း စတင် သန္ဓေတည်စဉ်ကတည်းက မြန်မာ့ဂီတကို ကမ္ဘာ အဆင့်သို့ မြှင့်တင်စေဖို့နှင့် ဆင်ဖိုနီခေါ် မြန်မာ့သံစုံတီးဝိုင်း ကြီး ဖွဲ့စည်းနိုင်ရေးကို ရည်ရွယ်ဦးတည် ကြိုးပမ်းခဲ့ခြင်း ဖြစ်တယ်။ ဂီတနှင့်ပတ်သက်ပြီး ကြီးကြီးကျယ်ကျယ် မြင့်မြင့်မားမား စိတ်ကူးထားသူဖြစ်တယ်။ ဂီတမှာ နယ်နိမိတ်မရှိ၊ လူမျိုးမခွဲခြား၊ ကန့်သတ်မှုမထားအပ်၊ လူသားအားလုံးပိုင် ပစ္စည်းအဖြစ်လို့ ယုံကြည်တယ်။ ဂီတဟာ အလွန်လေးနက်သည့် သဘောရှိတယ်လို့ခံယူသူလည်း ဖြစ်တယ်။ စာဖြင့် ဖွဲ့မပြနိုင်တဲ့ ရင်ဖြင့်ခံစားမှုကို ဂီတဖြင့် ဖော်လှစ်နိုင်တယ်ဆိုတာ ဆရာမြို့မငြိမ်းက အကြွင်းမဲ့လက်ခံတယ်။ ဒါကြောင့် နားဖြင့်သာမက ရင်ဖြင့်ခံစားနိုင်တဲ့ ဂီတမျိုးကို ဆရာက ဖွဲ့ချင်တာဖြစ်တယ်။

 

စိတ်ကောင်းနှလုံးကောင်း အလွန်ရှိသူ

ဒီလိုရည်မှန်းချက် ကြီးမားလှတဲ့ မြို့မငြိမ်းဟာ မြို့မ တူရိယာအသင်းနှင့်အတူ မြို့မကို ကမ္ဘာ့အဆင့်မီ သံစုံ တီးဝိုင်းကြီးအသွင် ဖွဲ့စည်းနိုင်ရေးကိုသာ တစိုက်မတ်မတ် ဆောင်ရွက်ခဲ့တာပါ။ သူရေးဖွဲ့ခဲ့သမျှ သီချင်းတွေကလည်း မြန်မာ့မဟာဂီတနှင့် နိုင်ငံတကာဂီတ ပူးပေါင်းအသွင်ဆန်း စေပြီး သင်္ကေတနည်းစနစ်နဲ့ ဝိုင်းဖွဲ့တီးမှုတ် တီးခတ်နိုင်မှု အတွက် ဖန်တီးခဲ့တာချည်းပါပဲ။


ဒီလို ရည်ရွယ်ချက် ကြီးမားပေမယ့်လည်း မြို့မငြိမ်းဟာ အနေအထိုင် ရိုးသားတယ်။ ပြင်ပဟန်ပန် အမူအရာက သိမ်မွေ့တယ်။ အပြောအဆို ညင်သာ အေးဆေးတယ်။ သူတစ်ပါးအပေါ် ငဲ့ညှာအားနာမှုက ထူးခြားတယ်။ ဒီအချက်အလက်တွေကို ဒေါ်ဒေါ်လူထုဒေါ် အမာက …

 

“ဆရာငြိမ်း၏ စိတ်နေစိတ်ထားမှာ ပညာနှင့်ပတ်သက် ၍ ဝမ်းထဲ မာနကြီးသည်မှအပ စိတ်ကောင်းနှလုံးကောင်း အလွန်ရှိသူဖြစ်သည်။ ဘယ်သူ့ကိုမှ မကောင်းမပြော။ ဘယ်သူနှင့်မျှ ခိုက်ရန်ဖြစ်ပွားခြင်းမရှိ။ အပေါင်းအသင်း လည်း ကျယ်ကျယ်ဝန်းဝန်း ထားသူမဟုတ်” ဆိုတဲ့ ဝါကျတွေနှင့် သရုပ်ဖော်ခဲ့တယ်။ ဆရာငြိမ်းရဲ့ ရုပ်ရည်နှင့် ပတ်သက်ပြီးလည်း-
“ဆရာငြိမ်း၏ ရုပ်မှာနှာတံပေါ်ပေါ် မျက်နှာသွယ်သွယ်နှင့် ရုပ်ရည်ချောမောလှပသူဖြစ်သည်။ အသား ဖြူဖြူ၊ အရေပါးပါး၊ ပခုံးကျယ်ကျယ်၊ လူကနည်းနည်း ကိုင်းသည်။ ဆရာငြိမ်း၏မျက်လုံးသည် သူများနှင့်မတူ အတော်ထူသည်။ ထူးထူးခြားခြား တောက်ပ၍ သူ တစ်စုံ တစ်ခုကို တွေးသည့်အခါ သူငယ်အိမ်နှစ်ခုမှာ ခုန်နေသူဖြစ် သည်…”လို့ ဆိုပြန်တယ်။

 

ဆန့်ကျင်ဘက်လက္ခဏာနှစ်ခု ပေါင်းဆုံရာ

ဒီတော့ မြို့မငြိမ်းနှင့် ဂီတလုပ်ဖော်လုပ်ဖက်များအနေနှင့်ရော …၊ မိသားစုအနေနှင့်ရော…၊ ဆရာငြိမ်းကို သိမီသူ များကရော…၊ စိတ်ထားနူးညံ့သိမ်မွေ့နှိမ့်ချပြီး ဂီတနှင့် ပတ်သက်ရင်တော့ အလေးအနက်ထားလွန်း၊ ဇွဲနဘဲ ကြီးလွန်း၊ စိတ်ဓာတ်ထက်သန်လွန်းသူလို့ ကောက်ချက်ချကြတယ်။


ပြောရရင်တော့ ဆန့်ကျင်ဘက်လက္ခဏာနှစ်ခု ပေါင်းဆုံရာပဲပေါ့။ ဒီတော့ ပြုံးခဲပေမယ့် ပြုံးပြန်ရင်လည်း ကျေနပ်ပြုံးလား၊ မချိပြုံးလား …၊ မဲ့ပြုံးလား၊ ဝမ်းသာပြုံး လား ဆိုတာလည်း ခွဲခြားရခက်လှသတဲ့ …။

 

ဆရာမြို့မငြိမ်းရဲ့ စရိုက်လက္ခဏာကို ပေါ်လွင်ဆုံးက ရှားရှားပါးပါး ကျန်ရစ်ခဲ့တဲ့ ဓာတ်ပုံလေးတစ်ပုံပါ။ ဆရာ ငြိမ်းနှင့်ပတ်သက်တဲ့ ဓာတ်ပုံဟာ များများစားစား မရှိပေမယ့် ဒီတစ်ပုံကတော့ တစ်ပုံဆိုသလောက် သရုပ်ပီလှတဲ့ ဓာတ်ပုံလို့ ဆိုကြပါတယ်။ တစ်ကိုယ်လုံးပေါ်မဟုတ်ဘဲ သုံးချိုးနှစ်ချိုးမျှသာပေါ်တဲ့ ဒီပုံဟာ အမှတ်တမဲ့ ရိုက်လိုက် တဲ့ ပုံလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လက်လေးက ကွေးပြီး ကိုယ့်ရှေ့မှာ ပိုက်ထားတယ်။ လက်လေးဖြန့်ကာ လက်မ လေးဝှက်ထားပုံက နှိမ့်ချစိတ်၊ နူးညံ့သိမ်မွေ့စိတ်ကို ဖော်ပြနေသည်။ ညာဖက်လက်မှာက လက်စွဲတော် ဆေးပေါ့လိပ်လေး မီးညှိလျက်နဲ့ လက်ညှိုးနဲ့ လက်ခလယ် ကြား ညှပ်ထားလေရဲ့…၊ ခါးလေးက ရှပ်ပြီး သက်သောင့် သက်သာ နေထိုင်ပုံကလည်း ရောင့်ရဲတင်းတိမ်တဲ့စရိုက် ပါပဲ…။ ဒါပေမယ့် ဆံတံခွန်နှင့် ကျယ်ပြန့်တဲ့ နဖူးက ရည်ရွယ်ချက် ကြီးတယ်။ အမြော်အမြင်မြင့်မားတယ်။ နက်မှောင်တဲ့ မျက်ခုံးနှစ်ဖက်အောက်က မျက်ဝန်းတွေက ပညာမာနနှင့်အတူ လေးနက်စူးရှ မဖြစ်မနေ ဇွဲသတ္တိကို ပြနေလေရဲ့…။ ဒီဓာတ်ပုံလေးက မြို့မငြိမ်းရဲ့ အမှတ် လက္ခဏာပါပဲ…။ ပြုံးနေတဲ့ နှုတ်ခမ်းနဲ့ အပြုံးကြောင့် တွန့်နေတဲ့ပါးရဲ့ အရေးအကြောင်းတွေက ပုံကို ပိုမို အားကောင်းစေတာပါပဲ။ ဓာတ်ပုံထဲက မြို့မငြိမ်းဟာ ကျေနပ်ပီတိအပြုံးကို ကြည့်သူရင်ထဲအထိ ပေးစွမ်းနိုင် ခဲ့တယ်။

 

မြို့မငြိမ်းရဲ့ အပြုံး

ဒါကြောင့် သားမက်ဖြစ်သူ ပန်းချီကျော် ပေါ်ဦးသက်က လည်း မြို့မငြိမ်းရဲ့ ကောက်ကြောင်းကို ဒီဓာတ်ပုံကပဲ ယူတယ်။ မိတယ် …။ အလားတူ … တူသားလိုချစ်တဲ့ စွယ်စုံအနုပညာရှင် ဦးဝင်းဖေကလည်း သူ့ဦးလေး … မြို့မငြိမ်း ပုံရိပ်ကောက်ကြောင်းကို ဒီဓာတ်ပုံကပဲ ယူပါ တယ်။ ဒါလည်း မိတာပါပဲ။ ပန်းချီကျော် နှစ်ဦးစလုံးဟာ ဆရာငြိမ်းစရိုက်ကို မတူညီတဲ့ လိုင်းတွေနှင့် အမိအရ ယူနိုင်ကြတယ်။ ဒီ ကောက်ကြောင်းနှစ်ပုံက အပြုံးတွေက လည်း ဓာတ်ပုံအပြုံးနှင့်ထပ်တူ …။ ပီတိပြုံး။


၂၀၀၉ခုနှစ်က ပြည့်မြောက်တဲ့ မြို့မငြိမ်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် မြို့မငြိမ်း ပုံတူကြေးသွန်း ရုပ်တုကိုလည်း အားလုံးသဘောတူညီစွာနှင့် ဒီ … ဓာတ်ပုံ ထဲက ပုံကိုပဲ အတည်ပြုလိုက်ကြတယ်။ မြန်မာမှုပညာရှင် တမ္ပဝတီ ဦးဝင်းမောင်ရဲ့ ကြီးကြပ်မှုနှင့် ကြေးသွန်း ပညာရှင် ဦးလှမြင့် (ပြည့်၀ ကြေးသွန်းလုပ်ငန်း) က ပုံထုတ်သွန်းလောင်းတယ်။ ကြေးရုပ်ထဲက မြို့မငြိမ်းရဲ့ အပြုံးကလည်း ဓာတ်ပုံထဲကလို …၊ ကောက်ကြောင်း ပန်းချီထဲကလိုအပြုံး…၊ ကျေနပ်ပြုံး …၊ ပီတိပြုံး …။

 

ဒီနှစ် ၂၀၂ဝ ပြည့်နှစ် စက်တင်ဘာ ၁၅ ရက်နေ့မှာ အလင်္ကာကျော်စွာ မြို့မငြိမ်း ကွယ်လွန်တာ ၆၅ နှစ်ရှိပါပြီ။ လာမယ့် ၂၀၂၅ခုနှစ်ဆိုရင်လည်း သူပါဝင် တည်ထောင်ခဲ့တဲ့ မြို့မတူရိယာအသင်းက သက်တမ်း ၁၀၀ပြည့်ပါမယ်။ မြို့မတူရိယာအသင်း ရာပြည့်မှာ မြို့မငြိမ်းကိုယ်တိုင် ဦးဆောင်ချမှတ်ခဲ့တဲ့ အသင်းရဲ့ ဂီတရည်ရွယ်ချက်တွေနဲ့ ဘယ်လို၊ ဘယ်လောက်၊ ဘယ်ကဲ့သို့ ဖော်ဆောင် ခိုင်ခံ့ ဂုဏ်ပြုကြမလဲဆိုတာ တာဝတိံသာက စောင့်ကြည့်နေမှာ သေချာတယ်။ သူ့ကိုယ်ပိုင် အပြုံးလေးနဲ့။ ကျေနပ်ပြုံး လား၊ မချိပြုံးလားတော့ မသိ။