မိုးမောက်မြို့နယ် နန့်ကျရီချောင်းကူး နှစ်လွှာတစ်ထပ် ဘေလီတံတား ဆောက်လုပ်မည့်နေရာအား ကွင်းဆင်းစစ်ဆေး

မိုးမောက်၊    ၂၂   ဒီဇင်ဘာ

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် တည်ဆောက်မည့် မိုးမောက်မြို့နယ် နန့်ကျရီ ချောင်းကူး နှစ်လွှာတစ်ထပ် ဘေလီတံတား ဆောက်လုပ်မည့်နေရာအား ဒီဇင်ဘာ ၂၁ ရက် မွန်းလွဲပိုင်းက ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်လင်းအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးနှင့်အတူ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးမှူး ဦးမျိုးသန့်၊ ဗန်းမော်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးမှူး ဦးစိုးနိုင်နှင့် တာဝန်ရှိသူများက တံတားတည်ဆောက်ရန် တင်ဒါအောင်မြင်သည့် IAURA ကုမ္ပဏီမှ တာဝန်ရှိသူများက တံတားတည်ဆောက်မည့် ဒီဇိုင်း၊ လုပ်ငန်းအဆင့်ဆင့် အသေးစိတ်တို့အား ရှင်းလင်းဆောင်၌ ရှင်းလင်းတင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးက လက်ရှိအခြေအနေအပေါ် သုံးသပ်၍ ယခုတည်ဆောက်မည့် နှစ်လွှာတစ်ထပ် ဘေလီတံတားအား သတ်မှတ်စံချိန်စံညွှန်းအတိုင်း တည်ဆောက်နိုင်ရေး လမ်းညွှန်မှာကြားခဲ့သည်။  

အဆိုပါ တံတားကို အရှည် ပေ (၂၀၀)၊ အကျယ်ပေ(၁၄)ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး အဆိုပါ တံတားတည်ဆောက်ပြီးစီးပါက ဒေသခံအိမ်ထောင်စု (၂၄၃)စုမှ လူဦးရေ (၁၅၀၀) ခန့် အကျိုးပြုသွားလာနိုင်မည်ဖြစ်ကြောင်း ကချင်ပြည် နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်လင်းစိုးထံမှ သိရသည်။

မိုဃ်းကျ(မြစ်ကြီးနား)