မိုးကောင်းမြို့နယ်တွင် မိုးကြိုးထိမှန်၍ အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် သေဆုံး

မိုးကောင်း ၂၃ ဇွန်

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်ရှိ အုန်းဘောင်ကျေးရွာနှင့် ထုံးရေပေါက်ကျေးရွာတို့တွင် ဇွန် ၂၃ ရက် နံနက်ပိုင်းက မိုးရွာသွန်းပြီး မိုးကြိုးပစ်ခတ်ခဲ့၍ လယ်ယာလုပ်ငန်းလုပ်ကိုင်နေသည့် အမျိုးသားနှစ်ဦးနှင့် ခိုင်းနွားတစ်ကောင် မိုးကြိုးထိမှန် သေဆုံးခဲ့ကြောင်း ပင်းဘောနယ်မြေရဲစခန်းမှ သိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီ ၄၀ မိနစ်က အုန်းဘောင်ကျေးရွာတွင် လယ်ယာလုပ်ငန်း လုပ်ကိုင်နေသူတစ်ဦး မိုးကြိုးထိမှန်သေဆုံးခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူးက ပင်းဘောနယ်မြေရဲစခန်းသို့ ဖုန်းဖြင့်ဆက်သွယ်အကြောင်းခဲ့၍ ပင်းဘောနယ်မြေရဲစခန်းမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သွားရောက်ကြည့်ရှုစစ်ဆေးရာ အုန်းဘောင်ကျေးရွာနေ လယ်ပိုင်ရှင် ဦးမြင့်လွင်၏လယ်ကွင်းတွင် သူရင်းငှါးလုပ်ကိုင်သူ မောင်ဇာနည်အောင်(သေဆုံးသူ)သည် မောင်အောင်ထွေးစံ၊ မောင်အောင်ထွန်းတို့နှင့်အတူ ဆည်ရေပိတ်နေစဉ် မိုးကြိုးထိမှန်၍ အောင်ထွေးစံနှင့် အောင်ထွန်းတို့နှစ်ဦးမှာ လွင့်စင်သွားကာ ဇာနည်အောင်မှာ မိုးကြိုးထိမှန်ပြီး ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်းသိရသည်။

အလားတူ ယနေ့နံနက် ၇ နာရီခန့်က မိုးကောင်းမြို့နယ်၊ ထုံးရေပေါက်ကျေးရွာနေ ဦးရဲရွှေသည် ၎င်းပိုင်ဆိုင်သည့် လယ်ကွင်းအတွင်း ခိုင်းနွားနှစ်ကောင်နှင့် လယ်ယာထွန်ယက်နေစဉ် မိုးကြိုးထိမှန်ခဲ့၍ သေဆုံးခဲ့ပြီး ခိုင်းနွားနှစ်ကောင်အနက် တစ်ကောင်မှာလည်း မိုးကြိုးထိမှန်သေဆုံးခဲ့သည်။ 

ဝင်းနိုင်(ကချင်မြေ)