မိုးကောင်းမြို့၌ အခြေခံတိုင်းရင်းဆေးပညာ ရက်တိုသင်တန်းဖွင့်လှစ်

mdn

မိုးကောင်း     ၂၃   စက်တင်ဘာ   

 

မြန်မာ့တိုင်းရင်းဆေးပညာ ဖွံ့ဖြိုးတိုးတက်မှုကို ပိုမိုအထောက်အကူဖြစ်စေနိုင်ရန် ရည်ရွယ်၍ ကချင်ပြည်နယ် တိုင်းရင်းဆေးဆရာအသင်းနှင့် တိုင်းလိုင်စာပေနှင့်ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်း ဖွင့်လှစ်သည့် အခြေခံတိုင်းရင်းဆေးပညာ ရက်တိုသင်တန်းကို နတ်ကြီးကုန်းကျောင်းတိုက်တွင် ယနေ့နံနက် ပိုင်းမှ စတင်သင်တန်းပေးပို့ချသင်ကြားကြောင်း သိရသည်။

 

သင်တန်း၌ တိုင်းရင်းဆေးပညာရပ်၏ အခြေခံသဘောတရားများ၊ မီးဖိုချောင်သုံး ဆေးဖက်ဝင် အပင်များ အသုံးပြုပုံ၊ ပတ်ဝန်ကျင်ရှိဆေးဖက်ဝင်အပင်များ၊ ရာသီအလိုက်ဖြစ်တတ်သော ရောဂါငယ်နှင့် ကုထုံးများ၊ ဌာနသုံးတိုင်းရင်းဆေးဖုံများ အကြောင်း၊ တိုင်းရင်းဆေးပညာဖြင့်ရှောင်ရန်၊ ဆောင်ရန်များ စသည်တိုင်းရင်းဆေးပညာရပ်များကို ယနေ့မှစ၍ စက်တင်ဘာ (၂၇)ရက်ထိ (၅)ရက်တာကာလ ပို့ချသင်ကြားမည်ဖြစ်ကြောင်း၊ တိုင်းရင်ဆေးစိတ်ဝင်စားသူများ တက်ရောက်ကြောင်း သိရသည်။

 


ဖွင့်ပွဲအခမ်းအနားတွင် ကချင်ပြည်နယ်တိုင်းရင်းဆေးပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဆရာမကြီး ဒေါ်ကြည်ဌေးနှင့် မိုးကောင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်းတို့က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတိုင်းရင်းဆေးဆရာအသင်း(ဗဟို) အလုပ်အမှုဆောင်အဖွဲ့ဝင် ကချင်ပြည်နယ်တာဝန်ခံ ဆရာကြီး ဦးစိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ကြောင်း သိရသည်။  

 

သန်းလွင်ဦး (ပြန်/ဆက်)