မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပေးသည့် မြေများအား ပြန်လည်လွှဲပြောင်း လက်ခံရေးကော်မတီမှ စိစစ်ပြီး ဖော်ထုတ်ရန် ကျန်ဧရိယာများကိုလည်း စနစ်တကျ လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်သွားမည်

နေပြည်တော်  ၂၃  ဇူလိုင်

ကော့သောင်းမြို့ရှိ မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပေးသည့် မြေများအား ပြန်လည်လွှဲပြောင်း လက်ခံရေးကော်မတီမှ စိစစ်ပြီး ဖော်ထုတ်ရန် ကျန်ဧရိယာများကိုလည်း စနစ်တကျ လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒုတိယဝန်ကြီး ဦးတင်မြင့်က ပြောသည်။

ယနေ့ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ကော့သောင်း မဲဆန္ဒနယ်မှ ဦးခင်ဇော်က “ကော့သောင်းမြို့တွင် အိမ်ရာမြေကွက်များ ကို စီမံကိန်းဖြင့် ဖော်ဆောင်နေသူများသည် မိမိတို့ ဖော်ဆောင်နေသည့် အိမ်ရာမြေကွက်များကို မည်သည့်ကာလတွင် နိုင်ငံတော်သို့ ပြန်လည်အပ်နှံမည်ကို သိလိုခြင်းနှင့် စပ်လျဉ်း၍ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးတင်မြင့်က အထက်ပါအတိုင်း ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။ 


ဒုတိယဝန်ကြီး ဦးတင်မြင့်က “ဖော်ထုတ်ပြီးစီးပြီဖြစ်သည့် မြေကွက်များကို စနစ်တကျ ပြန်လည်အပ်နှံနိုင်ရေးအတွက် မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပြီးစီးသည့် မြေများအား ပြန်လည်လွှဲပြောင်းလက်ခံရေး ကော်မတီကို ခရိုင်အုပ်ချုပ်ရေးမှူးမှ ဥက္ကဋ္ဌအဖြစ်ပါဝင်သော အဖွဲ့ဖွဲ့စည်းပြီး ကွင်းဆင်းစိစစ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဦးမာမန်း(ခေါ်) ဦးစိုးမြင့် တစ်မိုင် သဲတန်းအိမ်ရာစီမံကိန်းမှ ဖော်ထုတ်နေသော မြေကွက်များနှင့် စပ်လျဉ်း၍ ၂၇-၁-၁၉၉၇ ရက်နေ့တွင် လုပ်ငန်းကတိစာချုပ် ချုပ်ဆိုစဉ် ဆောင်ရွက်ခွင့်ရ ဧရိယာအတွင်း လုပ်ငန်းရှင်များမှ မြေဖို့ခြင်း၊ မြေပြင်ခြင်း၊ လမ်းဖောက်လုပ်ခြင်း၊ ကျောက်တန်းစီခြင်း လုပ်ငန်းများ အမြန်ဆုံးလုပ်ငန်းပြီး ပြတ်အောင် စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ပေးရမည်ဖြစ်ပြီး ဆောင်ရွက်ပြီးဖြစ်သည့် အများနှင့်သက်ဆိုင်သော ကျောင်း၊ ပန်းခြံ၊ ဆေးပေးခန်းများအတွက် မြေနေရာများကိုလည်း ဖော်ထုတ်အကွက်ရိုက်စေခြင်း သက်ဆိုင်ရာဌာနများသို့ အမြန်ဆုံး လွှဲပြောင်းနိုင်ရေး ဖွဲ့စည်းထားရှိသော မြို့စီမံကိန်း မြေကွက်ဖော်ထုတ်ပြီးသည့် မြေများအား ပြန်လည်လွှဲပြောင်းလက်ခံရေး ကော်မတီသို့ လွှဲပြောင်းလက်ခံ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း” ပြောကြားခဲ့သည်။

အလားတူ ဈေးမြေနေရာနှင့် စပ်လျဉ်း၍ ဈေးဆောက်လုပ်ပြီးစီးပြီး ဖြစ်သည့်အတွက် အခွန်အခရရှိရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့သို့ အမြန်ဆုံး အပ်နှံဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ဦးတင်မြင့် အမိမြေ အိမ်ရာစီမံကိန်းနှင့် ဦးကျော်ငြိမ်း အေးရိပ်ငြိမ် ရွှေပြည်သာကုန်စည်ဇုန် (၁)၊ (၂)တို့မှ ဖော်ထုတ်ရန် ချထားပေးသည့် မြေဧရိယာအတွင်း မြေကွက်ဖော်ထုတ်ပြီး ဧရိယာ၊ ဖော်ထုတ်ရန် ကျန်သည့် ဧရိယာများကို မြို့စီမံကိန်းမြေကွက် ဖော်ထုတ်ပေးသည့် မြေများအား ပြန်လည်လွှဲပြောင်း လက်ခံရေးကော်မတီမှ စိစစ်ပြီး ဖော်ထုတ်ရန် ကျန်ဧရိယာများကိုလည်း စနစ်တကျ လွှဲပြောင်းအပ်နှံရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ပြန်လည်ဖြေကြားခဲ့သည်။

MDN