မှိုစားသုံး၍ မှိုအဆိပ်သင့်ရာမှ ၁ ဦး သေဆုံးပြီး ၁၆ ဦး အစာအဆိပ်သင့်

နေပြည်တော်  ၃၀   ဇွန် 

 

မကွေးတိုင်းဒေသကြီး၊  မင်းလှမြို့နယ်၊ ဇိုင်ပြားကျေးရွာ၌ ဇွန်လ ၂၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်တွင် မှိုစားသုံး၍ လူ ၁ ဦး သေဆုံးသွားကြောင်း သတင်းအရ လက်ပံတံခါးရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးရာ အဆိုပါကျေးရွာနေ ဦးရွှေထုံ(၃၁)နှစ်နှင့် ဦးမောင်ချောင် (၆၀)နှစ်ပါ ၈ ဦး တို့သည် ဇိုင်ပြားကျေးရွာအနီး တောထဲ၌ တောမှို(ပေါင်းဒေါင်းမှို)များ တွေ့ရှိ၍ နှုတ်ယူလာပြီး နေအိမ်၌ ချက်ပြုတ်စားသုံးခဲ့ကြောင်း၊ ၎င်းနောက် ဦးရွှေထုံမှာ မှိုအဆိပ်သင့်ကာ မူးဝေအော့အန်နေသဖြင့် ပဒါန်းမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင် ကုသစဉ်သေဆုံးသွားခဲ့ကြောင်း၊ ဦးမောင်ချောင်ပါ ၈ ဦး မှာ မစိုးရိမ်ရသဖြင့် လက်ပံခုံကျေးရွာ ကျန်းမာရေးဦးစီးအဖွဲ့က ကျန်းမာရေး စောင့်ရှောက်မှုပေးသဖြင့် ပြန်လည်ကောင်းမွန်ခဲ့ကြောင်း သိရသည်။

 

ထို့ပြင် ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၊ ကျောင်းကြီးစုရပ်ကွက်ရှိ  အင်္ဂလိပ်စာသင်တန်းကျောင်း ဘော်ဒါဆောင်နေ အင်းစိန်မြို့နယ်၊ (၂)ရပ်ကွက်နေ ထူးမြတ်တင်(၂၂)နှစ် ပါ ၈ ဦးတို့သည် ဇွန် လ ၂၉ ရက်နေ့ မွန်းတည့် ၁၂ နာရီအချိန်ကဘော်ဒါဆောင်၏ အနောက်ဘက်၌တွေ့ရှိသည့် မှိုများအား နှုတ်ယူကာမီးကင်စားသုံးခဲ့ရာမှ အစာအဆိပ်သင့်ပြီးမူးဝေအော့အန်သဖြင့် တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံ၌ တက်ရောက်ကုသမှု ခံယူလျက်ရှိကြောင်း ရဲပြန်ကြားမှ သိရသည်။

 

MDN