မိုဘိုင်းဖုန်းဖြင့် စည်ပင်သာယာရေးဆိုင်ရာ အခွန်အရပ်ရပ်ပေးဆောင်နိုင်ရန် မကွေးတိုင်း၌ စီစဉ်ဆောင်ရွက်နေ

မကွေး  ၉ သြဂုတ် 
 
အခွန်ထမ်းပြည်သူများအချိန်ကုန်သက်သာအဆင်ပြေပြီး ဝန်ထမ်းများအားစနစ်တကျကြီးကြပ်နိုင်သော မိုဘိုင်းဖုန်းဖြင့် စည်ပင် သာယာရေးဆိုင်ရာအခွန်အရပ်ရပ်ကိုပေးဆောင်နိုင်မည့် အစီအစဉ်တစ်ခုကို မကွေးတိုင်း၌ အကောင်အထည် ဖော်နိုင်ရန် စတင်ဆောင်ရွက်နေကြောင်း တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူးထံမှ သိရသည်။
 
“လက်ရှိလုပ်နေတဲ့အခွန်အကောက်စနစ်တွေမှာ ပိုပြီးတော့မြန်ဆန်တိကျအောင်၊ အလွဲသုံးစားမှုတွေမရှိအောင် အာရှဖောင် ဒေးရှင်း ၊ Koe Koe Tech နည်းပညာအဖွဲ့တို့နဲ့ ပူးပေါင်းပြီး အိမ်ခွန်၊ဆိုင်ခွန်၊ရေခွန်၊လုပ်ငန်းလိုင်စင်ခွန်စတဲ့ အခွန်အကောက် တွေလုပ်ရာမှာ အိုင်တီနည်း ပညာတွေအသုံးပြုပြီး ဆောင်ရွက်နိုင်ဖို့ဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်း လမ်းပေါ့။ ကွန်ပျူတာတွေ ၊ အိုင်တီစက်ပစ္စည်းတွေသုံးပြီးတော့ ဝန်ထမ်းတွေ ၊ စာရွက်စာတမ်းတွေ မပါတော့ဘဲနဲ့ အခွန်ထမ်း ပြည်သူတစ်ယောက်က သူပေးဆောင်ရမယ့်အခွန်တွေကို မိုဘိုင်းဖုန်းကတစ်ဆင့်တိုက်ရိုက် အခွန်ပေးနိုင်ဖို့ ဆောင်ရွက် သွားဖို့ ရှိပါတယ် ” ဟု ညွှန်ကြားရေး မှူး ဦးထင်အောင်က ပြောကြားသည်။
 
မကွေးတိုင်းအတွင်းရှိ မြို့နယ်(၂၅)မြို့နယ်နှင့်မြို့နယ်ခွဲတစ်ခုတို့ကို လုပ်ဆောင်သွားရန်ရည်မှန်းပြီး လတ်တလောတွင် မကွေး၊မင်းဘူး၊ရေနံချောင်း၊ချောက်၊တောင်တွင်းကြီး၊အောင်လံ၊ပခုက္ကူစသည့် မြို့နယ်ကြီး(၇)မြို့မှ တာဝန်ရှိသူများ ကိုခေါ် ယူကာ လုပ်ငန်းစဉ်များအတွက် လိုအပ်သည့်အချက်အလက်များ ၊ လက်တွေ့နယ်ပယ်နှင့် ကွာဟချက်များရှိနိုင်သည့် အခြေ အနေများဆိုင်ရာ အလုပ်ရုံဆွေးနွေးတစ်ရပ်ကို  သြဂုတ်လ (၇)ရက်နေ့မှ (၈)ရက်နေ့ထိ မကွေးမြို့တော်ခန်းမ၌ ပြုလုပ်ခဲ့ ကြောင်း သိရသည်။
 
“ ခုကတော့ မိုဘိုင်းအဆင့်ထိ မသွားနိုင်သေးတာဖြစ်တဲ့အတွက် စာရွက်စာတမ်းရေးတာတာ  ၊ ပြေစာဖြည့်တာတွေကို ကွန်ပျူ တာနဲ့လုပ်မယ်။ အခြေခံစာရင်းများ ထည့်သွင်းထားရင် တစ်ရွက်ချင်းရေးစရာမလိုတော့ဘူး ။ အခွန်ကောက်တာ ကတော့ အခွန်ကောက်ဝန်ထမ်းတွေ ၊ ပြေစာတွေနဲ့ သွားပြီးတော့ကောက်မယ်။ ကောက်ပြီးတော့ သက်ဆိုင်ရာ ငွေစာရင်းကိုပို့မယ်။ ဒီအပေါ်မှာအားသာတာက မြို့နယ်တာဝန်ခံတွေက ရပ်ကွက်တွေအလိုက်အခွန်တွေဘယ်လောက်ရမလဲ။ ဘယ်လောက် ကျန်မ လဲ။ အခွန်ကောက်ဝန်ထမ်းတစ်ယာက်ချင်းအလိုက် သူကောက်ရမယ့်အခွန်တွေ ဘယ်လောက် ကောက်ဖို့ကျန်သေးသလဲ။ ဒါတွေကို မိုဘိုင်းဖုန်း အပလီကေးရှင်းကိုဖွင့်ကြည့်တာနဲ့ သိရှိပြီး ကြပ်မတ်ဆောင်ရွက်လို့ရတယ်။ ဒီအဆင့်ပြီးတာနဲ့ မိုဘိုင်း ဖုန်းအသုံးပြုပြီး စည်ပင်သာယာရေးငွေစာရင်းကို တိုက်ရိုက်အခွန်ဆောင်နိင်တဲ့အဆင့်ထိ ရောက်အောင်သွားဖို့ရှိပါတယ် ” ဟု ညွှန်ကြားရေးမှူး ဦးထင်အောင် ကရှင်းပြသည်။
 
အာရှဖောင်ဒေးရှင်းအဖွဲ့သည် ၂၀၁၃ ခုနှစ်က စ၍ မြန်မာနိုင်ငံ၌ စတင်အလုပ်လုပ်ခဲ့ကာ အစိုးရဌာနဆိုင်ရာအလွှာ အသီး အသီးအတွက်  စွမ်းဆောင်မှုဆိုင်ရာမြှင့်တင်ခြင်း ၊ မူဝါဒပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများတွင် ပါဝင်လုပ်ဆောင်နေ သောအဖွဲ့ဖြစ်ပြီး ယင်းအဖွဲ့မှ ဆော့ဝဲလ်၊အပလီကေးရှင်းကို ၂နှစ်(အခမဲ့)အသုံးပြုခွင့်ပေးထားကြောင်း သိရှိရသည်။
 
ဇေယျတု(မကွေး)