မိုဘိုင်းစစ်ဆေးရေးအဖွဲ့ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများ၊ မေးတွင်ချိတ်ထားသူများအား ဒဏ်ရိုက်အရေးယူ

ကြို့ပင်ကောက် ဇူလိုင် ၈

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့တွင် အကြောင်းအမျိုးမျိုးကြောင့် အပြင်ထွက်သွားလာသူများမှ နှာခေါင်းစည်းတပ်ဆင်ခြင်းမရှိသူများ၊ မေးတွင်ချိတ်ထားသူများအား ဒဏ်ရိုက်အပစ်ပေးခြင်းများကို မိုဘိုင်းစစ်ဆေးရေးအဖွဲ့မှ ဇူလိုင် ၈ ရက် နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

ယင်းသို့ မိုးဘိုင်းစစ်ဆေးရေးအဖွဲ့ဖြင့် စစ်ဆေးအရေးယူဆောင်ရွက်ခြင်းကို မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဇူလိုင် ၄ ရက်မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ရာ ဇူလိုင် ၄ ရက်က စည်းကမ်းမလိုက်နာသူ (၁၆)ဦး၊ ဇူလိုင် ၅ ရက်က စည်းကမ်းမလိုက်နာသူ (၂၀)၊ ဇူလိုင် ၆ ရက်က စည်းကမ်းမလိုက်နာသူ (၅၁)ဦး၊ ဇူလိုင် ၇ ရက်က စည်းကမ်းမလိုက်နာသူ (၅၁)ဦး၊ ဇူလိုင် ၈ ရက်က စည်းကမ်းမလိုက်နာသူ (၄၅)ဦးရှိကြောင်း တစ်ဦးလျှင် နှာခေါင်းစည်း (၅)ခုကို ဒဏ်ငွေ ၅၀၀ ကျပ်ဖြင့် ဒဏ်ရိုက်ခြင်းဆောင်ရွက်ခဲ့ရာ စုစုပေါင်းဒဏ်ငွေ ၉၁၅၀၀ ကျပ် ရရှိပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုဘိုင်းစစ်ဆေးရေးအဖွဲ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြပြီး နေ့စဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နေရာတစ်နေရာတည်းတွင် ဆောင်ရွက်ခြင်းမျိုးမဟုတ်ဘဲ မိုဘိုင်းစနစ်ဖြင့် လှည့်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထွန်း(ကြို့ပင်ကောက်)