ရိုးရာနွားထိုးပွဲ
မနုဿဝင်းမော်
“မြို” တိုင်းရင်းသား သွေးချင်းတို့သည် ရခိုင်ပြည်နယ် မေယုတောင်တန်းကြီး၏ တောင်စွယ်၊ တောင်သွယ်၊ တောင်ကြားဒေသများနှင့် စိုင်းဒင်ချောင်းပြားဒေသတို့တွင် အများဆုံးနေထိုင်ကြသည်။ စစ်တွေခရိုင်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်နှင့် ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြကြောင်း သိရသည်။
ဗမာတိုင်းရင်းသားတို့က “မြို”ဟု ခေါ်ဆိုကြပြီး ရခိုင်တိုင်းရင်းသားတို့က “မရို” ဟု ခေါ်ဆိုကြသည်။
“မြို” တိုင်းရင်းသားသွေးချင်းတို့၏ ရိုးရာနွားထိုးပွဲဆိုသည်မှာ မိမိပိုင်နွားကို အခမ်းအနားဖြင့် ယဇ်ကောင်အဖြစ် ထိုးခုတ်သတ်ဖြတ်ပြီး ရပ်ရွာနှင့် ဆွေမျိုးမိတ်သင်္ဂဟတို့ကို ဖိတ်ကြားကျွေးမွေးသော ရိုးရာဓလေ့ဖြစ်သည်။
ရိုးရာနွားထိုးပွဲသည် “မြို” တိုင်းရင်းသား သွေးချင်းတို့အတွက် အလွန်အရေးပါလှသည့် ဓလေ့ထုံးစံတစ်မျိုးလည်း ဖြစ်ပေသည်။
နွားထိုးပွဲ မကျင်းပမီ တစ်ရက်အလိုတွင်အလှူရှင်များက မိမိဖိတ်ကြားလိုသည့် ကျေးရွာများကို ကြိုတင်ဖိတ်ကြားရသည်။ ဖိတ်ကြားခံရသည့်ကျေးရွာများမှ လာရောက်မည့်အပျို၊ လူပျိုများကို လူပျိုခေါင်းကဦးစီးပြီး ကြပ်မတ်ကာ ပွဲစတင်ကျင်းပမည့်နေရာသို့ ညနေပိုင်းတွင် အရောက်လာကြသည်။
နွားထိုးပွဲ ပြုလုပ်မည့်ကျေးရွာ၏ ကွက်လပ်တွင် တြိဂံပုံစံနွားခြံပြုလုပ်ရသည်။ နွားခြံထိပ်တွင် တိုင်တစ်တိုင်စိုက်ထူရပြီး သစ်ရွက်သစ်ခက်များဖြင့် အလှဆင်ပေးထားလေ့ရှိသည်။ နွားခြံ၏ အနားတစ်ဖက်တွင် ပန်းဖွားပါသော တိုင်လေးတိုင်ကိုစိုက်ထူထားကြသည်။ ယဇ်ကောင်အဖြစ် သတ်ဖြတ်မည့်နွားကို ထိုခြံထဲသို့သွင်းပြီးနောက် ဝါးတိုင်တစ်တိုင်ကို ထပ်မံစိုက်ထူကြရသည်။
ရွာရှိအပျို၊ လူပျိုများက ရွှင်မြူးစွာကခုန်ကြပြီးနောက် တောင်ကျချောင်းရေဆီသို့ သွားရောက်ကာ ကျောက်တုံးတစ်တုံးကို ကောက်ယူလာကြသည်။
“နတ်ကျောက်”ဟု အမည်ပေးထားသော ထိုကျောက်တုံးကို အလှူရှင်အား ပေးအပ်ကြရသည်။ ထိုနတ်ကျောက်ကိုသယ်ဆောင်လာသူ အပျို၊ လူပျိုများကို အလှူရှင်က ဝက်တစ်ကောင်သတ်၍ ဝက်သား ဟင်းဖြင့် ကျွေးမွေးဧည့်ခံလေ့ရှိသည်။
နွားထိုးပွဲကျင်းပသည့်အခါ ယဇ်ကောင်နွားကို ဝိုင်းပတ်ကာ ကခုန်ကြသည်။ လူပျိုများက ရိုးရာ တူရိယာများကို တီးမှုတ်ပြီး အပျိုများက ကခုန်ကြခြင်းဖြစ်သည်။ တစ်ဖွဲ့နားလိုက်၊ တစ်ဖွဲ့ကလိုက်ဖြင့် ညလုံးပေါက်ကခုန်ကြသည်။ အပျို၊ လူပျိုများ ကခုန်နေကြစဉ် အလှူရှင်နှင့်မိသားစုက ခေါင်ရည် သို့မဟုတ် အချိုရည်ကို တစ်ငုံစီငုံကာ ယဇ်ကောင်နွားကို ပက်ဖျန်းပေးကြရသည်။
ညလုံးပေါက်ကခုန်နေကြစဉ်တွင် အလှူရှင်က ဝက်သားဟင်း၊ ထမင်းဖြင့် ကျွေးမွေးဧည့်ခံကြသည်။
နံနက်မိုးသောက်ချိန်တွင် နတ်ပူဇော်မည့် အကအဖွဲ့သည် ယဇ်ကောင်နွားကို ၁၂ ပတ်တိတိလှည့်ကာ ဝိုင်းပတ်ကခုန်ကြပြန်သည်။ နတ်ဆရာက အမိန့်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် အကအဖွဲ့ဝင် တစ်ဦးက ယဇ်ကောင်နွားကို လှံဖြင့်တစ်ချက်တည်း ထိုးသတ်လိုက်လေသည်။ နောက်တစ်ဦးက ထိုနွား၏ လျှာကို သူ့သွားဖြင့် ကိုက်ဖြတ်လိုက်ရသည်။
“မြို” တိုင်းရင်းသားသွေးချင်းတို့တွင် နဂိုမူလက ကိုယ်ပိုင်စာပေရှိခဲ့သော်လည်း ယင်းစာပေမှတ်တမ်းကို နွားသတ္တဝါက ကိုက်ဖြတ်စားသောက်လိုက်သဖြင့် စာပေကွယ်ပျောက်သွားခဲ့ရခြင်းကြောင့် နွားထိုးပွဲတွင် ယဇ်ကောင်နွား၏ လျှာကိုကိုက်ဖြတ်ကာ ဒဏ်ခတ်ကြခြင်းဖြစ်သည်ဟု ဆိုကြကြောင်း သိရသည်။
ယဇ်ကောင်နွားကို လှံဖြင့် ထိုးသတ်သူနှင့် ထိုနွား၏လျှာကို သွားဖြင့်ကိုက်ဖြတ်သူတို့အား အလှူရှင်က ခေါင်းပေါင်းတစ်စစီနှင့် အချိုရည် တစ်ပုလင်းစီ လက်ဆောင်ပေးလေ့ရှိကြသည်။ ယဇ်ကောင်နွားအသေကို အလှူရှင်၏အိမ် ကွပ်ပျစ်တွင် ဝိုင်းဝန်းအမဲဖျက်ကြသည်။ ထိုအမဲသားများကို ဝိုင်းဝန်းချက်ပြုတ်ကြ၏။ ချက်ပြုတ် နေစဉ်အတွင်း ကခုန်သူတို့က ဆက်လက်ကခုန်နေကြသည်။
ထမင်းဟင်းလျာများ ကျက်သည့်အခါ တစ်ရပ်တစ်ကျေးမှ လာရောက်ကြသော ဧည့်သည်များကို အရင် ဦးစားပေးကျွေးမွေးကြလေ့ရှိသည်။ သူတို့စားသောက်ပြီးမှသာ ရွာခံများက စားသောက်ကြသော ဓလေ့ရှိသည်။
နံနက်စာစားသောက်ပြီးနောက် အဖွဲ့လိုက် ထပ်မံကခုန်ကြပြန်၏။ ညနေပိုင်းတွင် အခြားရွာမှ ဧည့်သည်များ ထွက်ခွာသွားကြသော်လည်း ရွာခံတို့ကမူ သတ်မှတ်ပွဲရက် လေးညကုန်ဆုံးသည် အထိ ဆက်လက်ကခုန်လေ့ရှိကြသည်။
ထို့ကြောင့် ငွေကြေးတတ်နိုင်သူများကသာ ရိုးရာနွားထိုးပွဲကို ဦးဆောင်ကျင်းပလေ့ရှိသည်။ စီးပွားရေး အဆင်ပြေ၍ အလှူပေးသည့် သဘောအပြင် မိမိ၏မိသားစုဝင်များ အဖျားအနာကင်းပြီး ကျန်းမာစေရန်အတွက် ရည်ရွယ်ချက်ဖြင့် ရိုးရာနွားထိုးပွဲကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း မှတ်တမ်းပြု ဖော်ပြလိုက်ရပါသည်။ ။
ရည်ညွှန်းနှင့်ဓာတ်ပုံ။ ။ ဆန်းကြယ်ထွေပြား“မြို”ဓလေ့များ၊ မနုဿကျော်ဝင်း(အမျိုးသားစာပေဆုရ)။ သုတအလင်းမဂ္ဂဇင်း၊ အမှတ်(၃၈)၊ မေလ၊ ၂၀၁၉ခုနှစ်။