မှို ချက်ပြုတ်စားသောက်ရာမှ  အစာအဆိပ်သင့်၍ ၁ ဦး သေဆုံးခဲ့ပြီး ၆ ဦး ဆေးရုံတက်ရောက် ကုသလျက်ရှိ

နေပြည်တော် ၂၇ ဇွန် 

 


မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၊ ရေပုတ်ကလေးကျေးရွာနေ ဦးထွန်းလင်း(၄၈)နှစ်ပါ(၇)ဦးသည် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ဝမ်ခူးရှိုးမြို့၌ ဇွန် ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီက ကြံစိုက်ခင်းလုပ်ငန်းများ လုပ်ကိုင်နေစဉ် ကြံခင်းအနီး၌တွေ့ရှိသည့် မှိုအား ချက်ပြုတ်စားသောက်ခဲ့ရာမှ အစာအဆိပ်သင့်မှုဖြစ်ပွားခဲ့သဖြင့် ကျန်းဖုန်းဆေးရုံ၌ ကုသမှုခံယူခဲ့ကြောင်း၊ ဇွန် ၂၆ ရက်တွင် အဆိုပါလူနာ ၇ ဦးအား မူဆယ်ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းကုသရန် ထွက်ခွာလာစဉ် ကွတ်ခိုင်မြို့နယ်၊ ပန်တလေကျေးရွာအနီး၌ စေတုတ္တရာမြို့နယ်၊ သံစယ်ကျေးရွာနေ ထွန်းထွန်းဦး(၃၆)နှစ်မှာ သေဆုံးခဲ့ကြောင်းနှင့် ဦးထွန်းလင်းပါ (၆)ဦးမှာ မန္တလေးဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း သတင်းရရှိသည်။ 

 


အလားတူ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ကိုးရွာသပြေကုန်းကျေးရွာနေ မသင်းသင်းနိုင် (၁၇)နှစ်သည် ဇွန် ၂၆ ရက် မွန်းလွဲ ၃ နာရီတွင် ၎င်း၏နေအိမ်၌ အိမ်နီးချင်း ဦးဝင်းနိုင်၏ နေအိမ်ခေါင်းရင်းတွင် ပေါက်နေသော မှိုများအား ခူးယူ၍ ချက်ပြုတ်စားသောက်ခဲ့ရာ မသင်းသင်းနိုင်ပါ ၁၀ ဦးတို့မှာ အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သဖြင့် နေပြည်တော် ခုတင်(၁၀ဝ၀)ဆေးရုံကြီးသို့ တက်ရောက်ကုသလျက်ရှိကြောင်း ရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

 


MDN