မိတ္ထီလာတက္ကသိုလ်၌ သင်္ကြန်ကာလအတွင်း နေရပ်ပြန်သွားသည့် ဆရာဆရာမများကို သွားလာမှု ကန့်သတ်ထားရှိမည့် အဆောင်များအား ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ ၂၃  ဧပြီ 

မိတ္ထီလာတက္ကသိုလ်၌ သင်္ကြန်ကာလအတွင်း နေရပ်ပြန်သွားသည့် ဆရာဆရာမများကို သွားလာမှု ကန့်သတ်ထားရှိမည့် အဆောင်များအား ဧပြီလ ၂၃ ရက် နံနက် ၇ နာရီက ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မိတ္ထီလာတက္ကသိုလ်မှ သင်္ကြန်ကာလအတွင်း နေရပ်ပြန်သွားသည့် ဆရာဆရာများ ပြန်လည် ရောက်ရှိပါက သွားလာမှု ကန့်သတ်ထားရှိမည့်အဆောင်များနှင့် တက္ကသိုလ်ဝန်းအတွင်းရှိ လမ်းများ၊ စာသင်ဆောင်များကို မိတ္ထီလာမြို့ရှိ တပ်ရင်းတပ်ဖွဲ့မှ တပ်မတော်များနှင့် ခရိုင်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်းပြီး ကလိုရင်းပိုးသတ်ဆေးဖျန်းခြင်းကို ဆောင်ရွက်ခဲ့သည်။

၎င်းဆေးဖျန်းရာတွင် တက္ကသိုလ်ဝန်းအတွင်း၌ ဒုတိယအကြိမ်မြောက်ဆေးဖျန်းခြင်းဖြစ်ရာ မိတ္ထီလာ တက္ကသိုလ်မှ သင်္ကြန်ကာလအတွင်း မိမိတို့ နေရပ်သို့ ပြန်သွားသည့် ဆရာဆရာမများ မေလ ၂ ရက်နေ့တွင် ပြန်လည်ရောက်ရှိလာပါက မိတ္ထီလာတက္ကသိုလ်ဝန်းအတွင်း သွားလာမှုကန့်သတ်၍ထားရှိရန်အတွက် အဆောင်ငါးဆောင်ကို ပြင်ဆင်ဆောင်ရွက် ထားရှိပြီးဖြစ်သည်။
 
ထိုသို့ မိတ္ထီလာတက္ကသိုလ်သို့ ပြန်လာမည့် ဆရာဆရာမများကို ကန့်သတ်ထားရှိရာ တွင်လည်း ရန်ကုန်တိုင်းဒေသကြီးမှ ပြန်လာမည့် ဆရာဆရာမများအား တစ်ယောက်ကို တစ်ခန်းဖြင့် ထားရှိ သွားမည်ဖြစ်ပြီး အခြားပြည်နယ်နှင့် တိုင်းဒေသကြီးမှ ပြန်လာမည့် ဆရာဆရာမများကို အခြားအဆောင် တွင် သီးခြားထားရှိသွားမည်ဖြစ်သည်။

၎င်းအပြင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ ဆရာဆရာများ ကိုလည်း မိမိတို့ နေအိမ်များတွင် သွားလာမှုကန့်သတ်၍ ထားရှိနိုင်ရန် တိုင်ဒေသကြီးအစိုးရအဖွဲ့၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း မိတ္ထီလာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာဘဟန် က ပြောကြားခဲ့သည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)