မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား စတင်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

မိတ္ထီလာ၊ နိုဝင်ဘာ ၂၄

 

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် နည်းပညာတ္ကသိုလ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများအား နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ ဖွင့်လှစ်သင်ကြားရာတွင် မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်နိုင်မြင့်က ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပထမနှစ်သင်တန်းသို့ ၂၀၂၃ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ကျောင်းသားကျောင်းသူ ၂၀၀ ဦး ဝင်ခွင့်ရရှိခဲ့ရာ ကျောင်းသားကျောင်းသူများအား ဖွင့်လှစ်သင်ကြားနိုင်ရေး နိုဝင်ဘာ ၁၆ ရက်တွင် ကျောင်းဝင်မှတ်ပုံတင်ခြင်း လက်ခံဆောင်ရွက်ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၃ ရက်မှ စတင်၍ ဖွင့်လှစ်ခဲ့ရာ မောင်မယ်သစ်လွင် ကျောင်းသားကျောင်းသူများအား တက္ကသိုလ်မှ နွေးထွေးစွာကြိုဆိုပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ဌာနမှူးများက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားခဲ့ပြီး မိမိတို့ဌာနရှိ ဘာသာရပ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ကျောင်းသား ကျောင်းသူများအား သက်ဆိုင်ရာ သင်တန်းအလိုက် သင်ကြားပို့ချခဲ့သည်။

 

မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် မြို့ပြသင်တန်း၊ အီလက်ထရောနစ်သင်တန်း၊ လျှပ်စစ်စွမ်းအားသင်တန်း၊ စက်မှုစွမ်းအားသင်တန်းနှင့် သုတနည်းပညာသင်တန်းများ ဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)