မိတ္ထီလာ  ၂၅  ဒီဇင်ဘာ

 

မိတ္ထီလာ၌ မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်၏ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူးကျင်းပသော ပြည်နယ်တိုင်း(၇)ခုမှ မြင်းစီးကစားသမားများ ပါဝင်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဖိတ်ခေါ်မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို ကျင်းပမည် ဖြစ်ကြောင်း သိရသည်။

 

ဖိတ်ခေါ်မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို ဇန်နဝါရီ ၁ ရက်မှ ၄ ရက်နေ့အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်ဘက်က ပြိုင်ပွဲဝင် မြင်းစီး အားကစားသမားတွေ ပါဝင်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။မြင်းစီးအားကစား ဖွံ့ဖြိုးတိုးတက်စေရေး၊ မျိုးဆက်သစ် မြင်းစီးအားကစားသမားတွေ ပေါ်ထွက်လာစေရေး၊ မြင်းကောင်းတွေ ပေါ်ထွက်ရေး စတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို ဖိတ်ခေါ်မြင်းစီးအားကစားပြိုင်ပွဲကို ကျင်းပပြုလုပ်တာ ဖြစ်ပါတယ်ဟု မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်းဥက္ကဋ္ဌ ဦးအောင်မြတ်ထွန်းက ပြောသည်။

 

အဆိုပါ မြင်းစီးအားကစားပြိုင်ပွဲကို ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာအနီးတွင် ပြုလုပ်မည်ဖြစ်ပြီး  မြန်မာခြေအသားကျ၊ ဒုန်းအကြီးအတန်း၊ ဒုန်းအငယ်တန်းအဖြစ်  ပြိုင်ပွဲအမျိုးအစား သုံးမျိုးခွဲခြား၍ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည် ဖြစ်သည်။

 

မိတ္ထီလာဒေသသည် ရှေးယခင်ကတည်းကပင် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကိုများ ကျင်းပရာ ဒေသဖြစ်ပြီး    ပြိုင်မြင်းကောင်းများနှင့် မြင်းစီးအားကစားသမားကောင်းများ ပေါ်ထွက်ရာဒေသလည်း ဖြစ်ကာ ယခုတိုင် မိတ္ထီလာမြို့နယ်ရှိ ညောင်ကုန်းကျေးရွာ ဘုရားပွဲတော်ကျင်းပချိန်တွင် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲကို နှစ်စဉ်ထည့်သွင်း ကျင်းပနေဆဲဖြစ်ကြောင်း သိရသည်။

 

ချမ်းသာ (မိတ္ထီလာ)