မိတ္ထီလာ၌ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူ ၃ ဦးအား အလုပ်နှင့်ထောင်ဒဏ်တစ်လပြစ်ဒဏ်ချ

မိတ္ထီလာ   ၂၇  မေ

 

မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာက ထုတ်ပြန်ထား သည့် ညမထွက်ရ ဒေသန္တရအမိန့်ကို ဖောက်ဖျက်ကျူးလွန်ခဲ့သူ အမျိုးသားသုံးဦးအား မေလ ၂၇ ရက်နေ့က ထောင်ဒဏ်တစ်လ ပြစ်ဒဏ်ကျခံစေရန် မြို့နယ်တရားရုံးက အလုပ်နှင့်  ထောင်ဒဏ်တစ်လ ကျခံစေရန် အမိန့်ချခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးဝင်းလှိုင်၊ အမှတ်(၃) နယ်မြေရဲစခန်းမှ နယ်ထိန်းအဖွဲ့ခေါင်းဆောင် ဒုရဲအုပ်ရန်နိုင်မြင့်နှင့် တပ်ဖွဲ့ဝင်များနှင့်    ပြည်သာယာ(တ) ရပ်ကွက်အုပ်ချုပ်ရေးမှူးဦးမျိုးမင်းမင်းမြတ်တို့ပါဝင်သည့် အဖွဲ့သည် မေလ ၂၇ ရက်နေ့ နံနက် ၂ နာရီ ၁ဝ မိနစ်က ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပေါ် လိုက်နာဆောင်ရွက်မှု ရှိမရှိလှည့်လည် စစ်ဆေးခဲ့သည်။

 

ထိုသို့ စစ်ဆေးဆောင်ရွက်စဉ် ပြည်သာယာ(တ) ၃ လမ်းထိပ်၌ အောင်ဇော်လင်း ၄၂ နှစ်ဝမ်းတွင်းမြို့နယ် နေထိုင်သူ မောင်းနှင်သည့် ယာဉ်အမှတ် MDY 4L/---- Toyota Wish   ယာဉ်ပေါ်တွင်လားရှိုးမြို့တွင် နေထိုင်သူများ ဖြစ်သော  လျှို့ရှင့် ၂၅ နှစ်  နှင့် ရန်စီးလျှို ၃၁ နှစ်တို့အားတွေ့ရှိ၍ စစ်ဆေးမေးမြန်းရာ  အကျိုးအကြောင်း တစ်စုံတစ်ရာ ပြန်လည်ဖြေကြားနိုင်ခြင်းမရှိသဖြင့် ၄င်းတို့ သုံးဦးအား ညမထွက်ရ ဒေသန္တရ အမိန့်ကို ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးက တရားလိုပြုလုပ်၍ မြို့နယ်တရားရုံးသို့ ဦးတိုက်လျှောက်ထားတရားစွဲခဲ့သည်။ 

 

ရာဇဝတ်ကြီးအမှု အမှတ် ၈၁၅/၂၀၂၀ ဖြင့် မြို့နယ်တရားရုံးက လက်ခံစစ်ဆေးခဲ့ပြီး ၄င်းတို့ ၃ ဦးကို အလုပ်နှင့် ထောင်ဒဏ်တစ်လ ကျခံစေရန် ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။

 

မိတ္ထီလာ၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ညမထွက်ရအမိန့်ကို ဧပြီလ ၁၈ ရက်နေ့မှ စတင်၍ ည ၁ဝနာရီမှ နံနက် ၄ နာရီအတွင်းဟုထုတ်ပြန်ခဲ့ပြီး မေလ ၁၅ ရက်နေ့မှ စတင်ပြီး ညမထွက်ရ အမိန့်သတ်မှတ်ချိန်ကို ည ၁၂ နာရီမှ နံနက် ၄ နာရီဟု   ပြောင်းလဲ ထုတ်ပြန် ထားကြောင်း သိရသည်။

 

ချမ်းသာ ( မိတ္ထီလာ)