မိတ္ထီလာ၌  အလှူရှင်ဆောက်လုပ်လှူဒါန်းသည့် စာကြည့်တိုက်အဆောက်အအုံသစ်ပေးအပ်ပွဲကျင်းပ

မိတ္ထီလာ ၂၉ စက်တင်ဘာ

မိတ္ထီလာမြို ့နယ်၊ အောင်ဆန်းရပ်ကွက် ရွာသစ်ကုန်းရပ်၌ အလှူရှင်မိသားစုက ဆောက်လုပ်လှူဒါန်းသည့် မေတ္တာရိပ်မွန်စာကြည့်တိုက်အဆောက်အအုံသစ် ပေးအပ်ပွဲကို စက်တင်ဘာ ၂၉ နံနက် ၇ နာရီက ၎င်းစာကြည့်တိုက်အနီးတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ စာကြည့်တိုက် ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် စာဖတ်သူများဖြင့် ရှင်သန်သည့် စာကြည့်တိုက်တစ်ခုဖြစ်စေရန် ဝိုင်းဝန်းဆောင်ရွက်ကြရန် ခရိုင်ပြန်/ဆက်ဦးစီးမှူး ဒေါ်ခင်အိအိသန်းက ရှင်းလင်းပြောကြားသည်။

ဆက်လက်ပြီး စာကြည့်တိုက်အဆောက်အအုံသစ်အလှူရှင် ဦးချစ်မွှေးမိသားစုက တာဝန်ရှိသူများထံသို့ စာကြည့်တိုက်နှင့်ပတ်သက်သည့် စာရွက်စာတန်းများကို ပေးအပ်ပြီး စာကြည့်တိုက်အတွက် စာအုပ်စာစောင်များ၊ အသံချဲ့စက်တစ်စုံနှင့် ရပ်ကွက်သာရေးနာရေးအသင်း၊ ဓမ္မစကြာအသင်းတို့အတွက် ဝတ်စုံများကို အလှူရှင် ဦးလှဝင်းသိန်းမိသားစုက ပေးအပ်လှူဒါန်းသည်။

အဆိုပါစာကြည့်တိုက်မှာ အလျား ပေ ၂၀၊ အနံ ၉ ပေရှိ နှစ်ထပ် သွပ်မိုးအဆောက်အအုံဖြစ်ပြီး လျှပ်စစ်မီးနှင့် စာအုပ်စာစောင်များအပါအဝင် ကျပ်သိန်း ၅၀ခန့် အကုန်အကျခံကာ အလှူရှင်မိသားစုက ဆောက်လုပ်လှူဒါန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ချမ်းသာ ( မိတ္ထီလာ)