မိတ္ထီလာမြို့နယ်တွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ရရှိစေရန်  အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံလက်မှုပညာသင်တန်းဆင်း

မိတ္ထီလာ  ဇူလိုင်   ၁၅

မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ အလုပ်အကိုင် အခွင့်အလမ်းရရှိစေရန် ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဝါးအခြေခံ လက်မှုပညာ သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက်က မင်းတဲကုန်းကျေးရွာတွင် ကျင်းပသည်။

သင်တန်းဆင်းပွဲတွင် မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်က ကျေးလက်နေပြည်သူများ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များ ပြန့်ပွားလာစေပြီး အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် လက်မှုပညာရပ်များဖြင့်  တစ်ပိုင်တစ်နိုင် ဆောင်ရွက်လာ၍ မိသားစုဝင်ငွေတိုးပွားလာစေရန် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ဝါးအခြေခံလက်မှုသင်တန်းကို ယခုလို ကျေးရွာများအရောက် အခမဲ့ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိ ကြောင်း ပြောကြားခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။ ယင်းနောက် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မျိုးလတ်နှင့် တာဝန်ရှိသူများက သင်တန်းသူသင်တန်းသားများက လက်တွေ့ဖျာရက်လုပ်နေမှု အခြေအနေများကို ကြည့်ရှုခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းတွင် ဝါးဖြင့် ပြုလုပ်သည့်  ဖျာရက်လုပ်နည်းပညာရပ်များကို ဇူလိုင် ၅ ရက်မှ ၁၄ ရက်အထိ အခမဲ့ဖွင့်လှစ်သင်ကြားပို့ချခဲ့ရာ မင်းတဲကုန်းကျေးရွာမှ အမျိုးသား (၅)ဦးနှင့် အမျိုးသမီး (၁၀)ဦးတို့ တက်ရောက်ခဲ့ပြီး သင်တန်းကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့် အညီ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)

mdn