မိတ္ထီလာမြို့နယ်၌  ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက်  ပေါက်ချောင်းရပ်ကွက်နှင့် တောမကျေးရွာတို့ရှိ ပျံကျဈေးများတွင် အသိပညာပေး

မိတ္ထီလာ ၁၄ ဧပြီ 

မိတ္ထီလာမြို့ စည်ပင်သာယာရေးကော်မတီမှ ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် ပေါက်ချောင်းရပ်ကွက်နှင့် တောမကျေးရွာတို့ရှိ ပျံကျဈေးများတွင် အသိပညာပေးခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်းများကို ဧပြီလ ၁၄ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

“ကိုဗစ်-၁၉ မဖြစ်ပွားစေရေးအတွက် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ ကြီးကြပ်၍ မြို့နယ် စည်ပင်သာယာရေးအဖွဲ့နှင့် ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍  မိတ္ထီလာမြို့စည်ပင်သာယာဈေး၊ ဗဟိုဈေး နှင့် ပိတောက်မြိုင်ဈေးတို့တွင်  ဆေးဖျန်းခြင်းလုပ်ငန်း၊ အသိပညာပေးခြင်းလုပ်ငန်းများ၊ လက်ဆေးစင်များ ထားရှိခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်းအပြင် လူစုလူဝေးမရှိစေရေး အခြေခံစားကုန်များရောင်းချသည့် ဈေးဆိုင် များသာ ရောင်းချခွင့်ပြုခြင်းတို့ကို ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ၎င်းအပြင် သင်္ကနြ်ကာလတွင် မိတ္ထီလာမြို့ စည်ပင်သာယာဈေးကြီး ယာယီပိတ်ထားသဖြင့် မြို့ပေါ်ရှိ ပျံကျဈေးများနှင့် ကျေးလက်ဒေသများရှိ ပျံကျဈေးများတွင် လူစုလူဝေး မရှိစေရန်အတွက် ဆောင်ရွက်လျက်ရှိရာ မိတ္ထီလာမြို့ပေါ်ရှိ ပေါက်ချောင်း ရပ်ကွက်နှင့် တောမကျေးရွာတို့ရှိ ပျံကျဈေးများတွင် လူစုလူဝေးမရှိစေရေး အဆိုပါဈေးများတွင် ရောင်းချလျက်ရှိသော ပျံကျဈေးသည်များ တစ်ဦးနှင့် တစ်ဦး ခြောက်ပေအကွာ ထားရှိပြီး ရောင်းချစေ သည့်အပြင် ဈေးသည်များနှင့် ဈေးဝယ်များ နှာခေါင်းစည်းများ တပ်ဆင်ကြစေရန် အသိပညာပေးပြီး နှာခေါင်းစည်းများကို ဖြန့်ဝေခဲ့ကြကြောင်း” မြို့နယ်စည်ပင်သာယာရေးကော်မတီဥက္ကဌ ဒေါ်နီလာဝင်းက ပြောကြားခဲ့သည်။             

သိန်းမြင့်ကျော်(မိတ္ထီလာ)