မိတ္ထီလာမြို့နယ်၌ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကြေးလိမ်လည်သူကို အမှုဖွင့်

မိတ္ထီလာ  ၂၂  ဇွန် 

 

မိတ္ထီလာမြို့နယ် ဝန်ဇင်းရပ်ကွက်၌ ဆက်သွယ်ရေးကွန်ရက်အသုံးပြု၍ ငွေကျပ်သိန်း ၃၅၀ ကျော် လိမ်လည်ယူသူအား ဇွန်လ ၂၁ ရက်နေ့က ဆက်သွယ်ရေးပုဒ်မဖြင့် အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မိတ္ထီလာမြို့ ဝန်းဇင်ရပ်ကွက်မှ ဒေါ်ငြိမ်းငြိမ်းအေး (၂၆)နှစ်သည် ကိုယ်ပိုင်ဝင်ငွေရရှိရန် Facebook တွင် Daw Nyein Nyein Aye အမည်ဖြင့် လေလံမဲရောင်းဝယ်ခြင်းများ လုပ်ကိုင်လေ့ရှိရာ Tun Zar Linn(or) TZLinn Facebook အမည်ဖြင့် အသုံးပြုသူ ဒေါ်သူဇာလင်း(၂၅)နှစ်နှင့် ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၂၄ ရက်နေ့က စတင်သိကျွမ်းခဲ့ပြီး ၎င်းမှ Facebook စာမျက်နှာတွင် စုကြေးလေလံမဲများ အမြတ်ရမည်ဟု ယုံကြည်အောင်ပြောဆိုပြီး လေလံမဲရောင်းချသဖြင့် ဝယ်ယူခဲ့ရာ Mobile Banking မှတစ်ဆင့် KBZ ဘဏ်အကောင့် နံပါတ် ------ သို့ ငွေများ (၁၄) ကြိမ် လွှဲပေးခဲ့ရာ စုစုပေါင်း ၃၅၆၉၀၅၀ဝ ရှိခဲ့ရာ အဆိုပါငွေများကို ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့ နောက်ဆုံးထား ပြန်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့သော်လည်း ယနေ့အချိန်အထိ ပြန်လည်ပေးချေးခြင်းမရှိသဖြင့် ဆက်သွယ်ရေးကွန်ရက်အသုံးပြုကာ ယုံကြည်အောင်ပြောဆို၍ ငွေများ လိမ်လည်ရယူသွားသူ ဒေါ်သူဇာလင်းအား ဥပဒေအရအရေးယူပေးနိုင်ပါရန် အမှတ်(၂)နယ်မြေရဲစခန်းသို့ ဇွန်လ ၂၁ ရက်နေ့က တိုင်းတန်းခဲ့သဖြင့် ရဲစခန်းမှ အမှုဖွင့် ဆောင်ရွက်ထားရှိကြောင်း သိရသည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)