မိတ္ထီလာမြို့၌ စည်ပင်ဌာနရဲ့ ပထမဆုံး “မောင်းသူမဲ့ လေယာဉ်နဲ့ မြေပုံထုတ်လုပ်”

မိတ္ထီလာ ၃ မတ်

 

မန္တလေးတိုင်း ဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့တွင် ၂၀၁၈ မတ် ၃ ရက်နေ့ နံနက် ၉နာရီ အချိန်ခန့်တွင် မိတ္ထီလာမြို့နယ် စည်ပင်သာယာ နယ်နိမိတ်အား စည်ပင်သာယာရေး ဦးစီးဌာန၏ ပထမဆုံး "မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မြေပုံထုတ်လုပ်ခြင်း လုပ်ငန်း" ကို ဆောင်ရွက်ခဲ့သည်။

 

 

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် နှင့် မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်ခဲ့ပြီး မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ် မောင်းသူမဲ့ လေယာဉ်သုတေသနဌာန ဌာနမှူး ဒေါတ်တာ သဲမောင်မောင်နှင့် မိတ္ထီလာမြို့ စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်း မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ဦးစီဌာန အမှုဆောင်အရာရှိ ဦးသန့်ဇင် ကော်မတီဝင် များဖြစ်သည့် ဦးကျော်အေး ဦးတင်သန်း ဦးအောင်ကြိုင်တို့ ပါဝင်သော စည်ပင်သာယာရေး ဝန်ထမ်းများ ပူးပေါင်း၍ မိတ္ထီလာမြို့ စည်ပင်သာယာရေး နယ်နိမိတ်အား "မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မိတ္ထီလာမြို့ မြေပုံထုတ်လုပ်ခြင်း" လုပ်ငန်းများအား ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

"၂၀၁၇ သြဂုတ်လ ၁၁ ရက်နေ့ ပညာရေးဌာန ဝန်ကြီးရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်ခဲ့တာပါ။ အဓိကကတော့ စနစ်ကျသော ရေဆိုးထုတ်စနစ် ဖြစ်ပေါ်လာရေးအတွက် ကွန်ဒိုလိုင်း ပါဝင်သော မြေပုံ ထုတ်လုပ်နိုင်ဖို့၊ ပြီးတော့ မြို့ပေါ်မှာရှိတဲ့ လမ်းတံတားတွေရဲ့ နောက်ဆုံး အခြေအနေကို မှတ်တမ်းတင် ထားရှိနိုင်ဖို့နဲ့ လိုအပ်သလို တိုးချဲ့ပြင်ဆင်နိုင်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာပါ။ ပြီးခဲ့တဲ့ သုံးလအတွင်း အကြိမ် (၂၀)ကျော် ပျံသန်းလုပ်ဆောင် နိုင်ခဲ့ပါတယ်။" ဟု မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းမှ ပြောကြားခဲ့သည်။

 

"မောင်းသူမဲ့ လေယာဉ်ဖြင့် မိတ္ထီလာမြို့ မြေပုံထုတ်လုပ်ခြင်း လုပ်ငန်း" ကို ဆောင်ရွက်တာပါ။ လုပ်ဆောင်ရတဲ့ ရည်ရွယ်ချက်က ပစ္စည်းခွန် အဆောက်အဦ ဆောက်လုပ်ခြင်း စစ်ဆေးခ စားသောက်ဆိုင် လုပ်ငန်းများ လိုင်စင်ခ စသည်တို့ ကောက်ခံရာတွင် အချက်အလက် တိတိကျကျ ရရှိစေရန်နှင့် မိတ္ထီလာမြို့ မြို့ပေါ် ရေပေးဝေရေး လုပ်ငန်းများ ရေပိုက်လိုင်းများ ရေလှောင်ကန်များ ရေစက်ရုံများ ရေစင်များ၏ တည်နေရာကို တိတိကျကျ သိရှိနိုင်ရန်နှင့် ရေပေးရေး လုပ်ငန်းများအား ထိရောက်စွာ အထောက်အကူပြုနိုင်ရန် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်ကြောင်း မိတ္ထီလာမြို့ စည်ပင်သာယာရေးဦးစီးဌာန အမှုဆောင် အရာရှိ ဦးသန့်ဇင်ထံမှ သိရသည်။

 

မိတ္ထီလာမြို့နယ် စည်ပင်သာယာရေး ဦးစီးဌာန၏ မိတ္ထီလာမြို့ နယ်နိမိတ်အား မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မြေပုံထုတ်လုပ်ခြင်းကြောင့် မိတ္ထီလာမြို့၏ နယ်နိမိတ်အား တိကျစွာသိရှိနိုင်ပြီး ကျန်အစိုးရဌာနများအတွက် များစွာ အထောက်အကူ ဖြစ်စေနိုင်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာ တက္ကသိုလ်နှင့် စည်ပင်သာယာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ စည်ပင်သာယာရေး ဦးစီးဌာန၏ မောင်းသူမဲ့ လေယာဉ်ပျံဖြင့် မြေပုံထုတ်လုပ်ခြင်း လုပ်ငန်းအား မြန်မာနိုင်ငံတွင် မိတ္ထီလာမြို့၌ ပထမဦးဆုံး လုပ်ကိုင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

 

ဘိုဘို(မလှိုင်)