မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက်  အလှူငွေနှင့် PPE ဝတ်စုံ၊ MASK များ ပေးအပ်လှူဒါန်း 

မိတ္ထီလာ ၅  ဧပြီ

 

မိတ္ထီလာမြို့ အထွေထွေရောဂါကုသဆေးရုံးကြီး၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် အလှူငွေနှင့်  PPE ဝတ်စုံ၊ MASK များကို   ဧပြီလ ၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က  အဆိုပါ ဆေးရုံကြီးရှိ အစည်းအဝေးခန်းမတွင်   ပေးအပ်လှူဒါန်းခဲ့ကြောင်းသည်။

 

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများအတွက်  အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ကျော်စွာလင်းမှ PPE ဝတ်စုံ (၅၀)၊ MASK(၃၀ဝ၀)တို့ကို ဆေးရုံအုပ်ကြီး ဒေါက်တာ ညွန့်စိန်ထံ ပေးအပ်လှူဒါန်းခဲ့သည်။

 

၎င်းအပြင် ဦးစိန်ဝင်း မိသားစုမှ  MASK(၅၀ဝ၀)၊ မိတ္ထီလာဆေးရုံကြီးတွင် အလုပ်သင်ဆင်းခဲ့သည့် ဆရာဝန်များမှ Face mask (၅၀ဝ)၊ ဦးကြိုင်ဆင့် မိသားစုမှ အောက်စီဂျင်အိုး(၅)လုံး၊ ဦးတင်ဝင်း မိသားစုမှ glove (၅)ဗူး၊ disposable gowns (၁၀)စုံ၊ surgical mask (၁၀ဝ၀)၊ ဒေါက်တာနွေးမြဇံမှ Face shield (၅၅)ခု၊ ဒေါက်တာခင်မောင်ဌေး(ဒု-ပါမေက္ခချုပ်-ငြိမ်း)မိသားစုမှ အလှူငွေကျပ် တစ်သိန်းနှင့် ဒေါ်ညိုညိုဝင်း မိသားစမှ အလှူငွေကျပ် တစ်သိန်း တို့ကို ပေးအပ်လှူဒါန်းရာ ဆေးရုံအုပ်ကြီး ဒေါက်တာညွှန်စိန်၊ ဆေးရုံအုပ် ဒေါက်တာအိအိခင်နှင့် တာဝန်ရှိသူများက လက်ခံခဲ့ သည်။

 

 မိတ္ထီလာမြို့ အထွေထွေရောဂါ ကုသဆေးရုံးကြီးသို့ ကိုဗစ် -၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် အလှူရှင် စေတနာရှင်များက အလှူငွေများနှင့် ဆက်စပ်ပစ္စည်းများကို နေ့စဉ် လာရောက် လှူဒါန်းလျှက်ရာ ဧပြီလ ၃ ရက်နေ့အထိ အလှူငွေ ကျပ်(၁၅၁၆၁၅၀ဝ)နှင့်  ခန့်မှန်းတန်ဖိုး ငွေကျပ် (၇၂၈၁၇၅၀ဝ)ရှိ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ပစ္စည်းမျိုးစုံတို့ကို စေတနာရှင် အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း ဆက်လက်ပြီးလည်း လှူဒါန်းလျက်ရှိပါကြောင်း ဆေးရုံအုပ်ကြီး ဒေါက်တာညွန့်စိန်က ပြောကြားခဲ့သည်။

 

 “မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီဖွဲ့စည်း၍ ကိုဗစ်-၁၉ ရောဂါ မဖြစ်ပွားစေရန်အတွက် ဆောင်ရွက်လျက်ရှိသည့်အပြင် ကျန်းမာရေးဝန်ထမ်းများက ရပ်ကွက်ကျေးရွာများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသည်။ ၎င်းအပြင် အထွေထွေရောဂါကုဆေးရုံးကြီးတွင် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ သံသယလူနာများရှိလာပါက သီးသန့်အဆောင်ဖြင့် ထားရှိရန် စီစဉ်ဆောင်ရွက် ထားရှိသည့်အပြင် နိုင်ငံခြားမှ ပြန်လာသူများကိုလည်း အမြန်လမ်းမကြီး သီးကုန်းယာဉ် ရပ်နားစခန်းတွင် ကျန်းမာရေး စစ်ဆေး၍ ရပ်ကွက် ကျေးရွာများတွင် တစ်စုတစ်စည်းတည်း (၁၄)ရက် ထားရှိ၍ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ အသွားအလာ ကန့်သတ်၍ ရောဂါစောင့်ကြပ်ကြည့်ရှု့ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

 

သိန်းမြင့်ကျော်(မိတ္ထီလာ)