မိတ္ထီလာ နည်းပညာတက္ကသိုလ်တွင် ပရောဂျက်ပြပွဲကျင်းပ

မိတ္ထီလာ  ၂၅  သြဂုတ် 

 

မိတ္ထီလာနည်းပညာတက္ကသိုလ်တွင် ဘာသာရပ်ပေါင်းစုံ ပရောဂျက်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ပင်မဆောင်တွင် ကျင်းပကြောင်း သိရသည်။

 

“ကျောင်းမှာသင်ရတဲ့ ဘာသာရပ်ပေါင်းစုံက ကျောင်းသူကျောင်းသားတွေကို သူတို့တီထွင်ဖန်တီးတဲ့ ပရောဂျက်တွေနဲ့ နည်းပညာထုတ်လုပ်မှုပစ္စည်းတွေပြသခွင့်ရဖို့ အခုလိုပရောဂျက်ပြပွဲကို ကျင်းပပြုလုပ်ပေးတာဖြစ်ပါတယ်။ ဘာသာရပ် ၆ ခုကနေ ပြခန်း ၆ ခန်းပါဝင်ပြသပြီး အဲဒီပြခန်း ၆ ခုမှာ ပရောဂျက် ၅၀ ခုခန့် ပါဝင်ပြသထားပါတယ်။ နောင်လည်း အခုလိုပရောဂျက်ပြပွဲတွေ ဒီထက်ပိုမိုပြည့်စုံကောင်းမွန်အောင် ပြုလုပ်ပြသသွားမှာပါ။ နောင်ပရောဂျက်ပြပွဲတွေမှာ မိမိအနီးပတ်ဝန်းကျင်အတွက် လက်တွေ့အသုံးချနိုင်တဲ့ ပရောဂျက်တွေ၊ နည်းပညာအသုံးပြုထုတ်လုပ်တဲ့ အသုံးချထုတ်လုပ်ပစ္စည်းမျိုးတွေကို ဖန်တီးပြသကြဖို့ ကျောင်းသားကျောင်းသူတွေကို တိုက်တွန်းသွားမှာဖြစ်ပါတယ်။ အခုလို ပရောဂျက်ပြပွဲတွေ ပြုလုပ်ပြသခွင့်ရအောင် ဖန်တီးပေးမှသာ ကျောင်းသူကျောင်းသားတွေအနေနဲ့ စာတွေ့သင်ကြားပြီးသိရုံသာမက လက်တွေ့ဖန်တီးဆောင်ရွက်တဲ့နေရာမှာ တီထွင်ဖန်တီးနိုင်စွမ်းတွေ၊ စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ ကိုယ့်ပညာရပ်အပေါ်ကိုယ်ယုံကြည်ပြီး ကြိုးစားဖန်တီးလိုစိတ်တွေရှိလာမှာ ဖြစ်ပါတယ်”ဟု မိတ္ထီလာနည်းပညာတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာအောင်မျိုးသူက ပြောသည်။ 

 

အဆိုပါ မိတ္ထီလာနည်းပညာတက္ကသိုလ် ပရောဂျက်ပြပွဲတွင် ဘာသာရပ်ပေါင်းစုံမှ ကျောင်းသူ ကျောင်းသားများက ပြခန်းပြကွက်အလိုက် မြစ်ချောင်းများမှ ရေအားလျှပ်စစ်ထုတ်ယူမှုပုံစံငယ်၊ စပါးအခြောက်ခံစက်၊ ဖုန်းအားသွင်းဆိုလာပြား၊ လူနေမှုအဆောက်အအုံပုံစံငယ်များ၊ ဆိုလာစွမ်းအင်သုံး မော်တော်ယာဉ်ငယ်များ၊ ခလုတ်ထိန်းချုပ်မောင်းနှင့်စနစ် ကစားစရာမော်တော်ယာဉ်ငယ်များ၊  လေရဟတ်ပန်ကာဖြင့်  လျှပ်စစ်စွမ်းအင်ထုတ်ယူမှုပုံစံငယ်များ၊ လျှပ်စစ်စွမ်းအင်အသုံးချမှု နည်းစနစ်ပုံစံများ စသည့်ပရောဂျက် ၅၀ ခုခန့်ကို ပြခန်း ၆ ခန်းဖြင့် ခင်းကျင်းပြသခဲ့ရာ ကျောင်းသူကျောင်းသားများ၊ ဆရာဆရာမများ၊  စိတ်ဝင်စားသူများ စည်ကားသိုက်မြိုက်စွာ လာရောက်ကြည့်ရှုလေ့လာကြောင်း သိရသည်။  

 

ချမ်းသာ (မိတ္ထီလာ)