မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းနှင့် တပျော်ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ တပျော်ချောင်းကူးရေကျော် တည်ဆောက်သွားမည်

မိတ္ထီလာ  ၇   နိုဝင်ဘာ

မိတ္ထီလာမြို့နယ်၌ ကျေးရွာ ၂၀ ကျော်မှ ဒေသခံများ သွားလာရ အဆင်ပြေစေရန် မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းနှင့် တပျော်ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ တပျော်ချောင်းကူး ရေကျော်ကို တည်ဆောက်သွားမည်ဖြစ်ကြောင်း မြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

“ မိတ္ထီလာ-ကျောက်ပန်းတောင်း ကားလမ်းနှင့် တပျော်ကျေးရွာသို့ ဆက်သွယ်သည့် လမ်းပေါ်ရှိ    တပျော်ချောင်းအား တပျော်ကျေးရွာအုပ်စု၊ ဂွေ့အိုင်ကျေးရွာအုပ်စုနှင့် မယ်ဇလီကုန်း ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာ (၂၀) ကျော်မှ ဒေသခံ ကျေးလက်နေပြည်သူများ  ဖြတ်သန်းသွားလာလျက်ရှိရာ မိုးရာသီတွင် ချောင်းအတွင်း ရေများစီးဆင်းနေလျင် သွားလာရ အခက်အခဲများ ကြုံတွေ့ရပါကြောင်း၊ ၎င်းကျေးရွာများမှ ကျောင်းသားကျောင်းသူများမှာလည်း မိတ္ထီလာ- ကျောက်ပန်းတောင်းလမ်းပေါ်ရှိ အခြေခံပညာအထက်တန်း ကျောင်းများရှိရာ ရေဝေကျေးရွာနှင့် ဖလံကျင်းကျေးရွာများသို့ သွားရောက်ပညာသင်ကြားလျက်ရှိရာ ချောင်းအတွင်း ရေစီးဆင်းချိန်တွင် ချောင်းရေကျအောင် စောင့်၍သွားရအသည့်အတွက်  အခက်အခဲများ  ဖြစ်ပေါ်လျက်ရှိရာ ယခုလို တပျော်ချောင်းကူးရေကျော် တည်ဆောက်ပေးသွားပါက ဒေသခံ ကျေးလက်နေပြည်သူများနှင့် ကျောင်းသားကျောင်းသူများ   အဆင်ပြေစွာ ဖြတ်သန်းသွားလာနိုင်မည် ဖြစ်ကြောင်း” တပျော် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးသောင်းဌေးကပြောကြားခဲ့သည်။

မိတ္ထီလာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး   ရန်ပုံငွေဖြင့် တပျာ်ကျေးရွာရှိ  တပျော်ချောင်းကူးရေကျော်အား တင်ဒါအောင်မြင်သည့် ကုမ္ပဏီမှ တာဝန်ယူ၍ တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)