မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၀)နှစ်အောက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

မြိတ်  ၇   ဧပြီ 

           

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် မျိုးဆက်သစ်ဘောလုံး အားကစားသမားများ ထွက်ပေါ်လာစေရေးအတွက် Township Sports Development Program အစီအစဉ်ဖြင့် မြို့နယ်အားကစားနှင့် ကာပညာကော်မတီဥက္ကဋ္ဌ ဖလား ရပ်ကွက်/ကျေးရွာပေါင်းစုံ အသက်(၂၀)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပလျက်ရှိရာ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ဧပြီလ(၅)ရက် ညနေပိုင်းက မြို့မအားကစားကွင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

           

ဗိုလ်လုပွဲကို မြိတ်တောင်ကျေးရွာ ဘောလုံးအသင်းနှင့် တညက်ကျေးရွာ ဘောလုံးအသင်းတို့ အကျိတ်အနယ် ယှဉ်ပြိုင်ကစားကြရာ အားကစားဝါသနာရှင်များ၊ ကျေးရွာသူကျေးရွာသားများ၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြသည်။ ပြိုင်ပွဲတွင် မြိတ်တောင်ကျေးရွာဘောလုံး အသင်းက (၃)ဂိုး - ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

           

ဗိုလ်လုပွဲအပြီးတွင် ဆုချီးမြှင့်ပွဲ ကျင်းပခဲ့ရာ ပြိုင်ပွဲတလျှောက် အကောင်းဆုံးဘောလုံးသမားဆု၊ အရှေ့ တန်း၊ အလယ်တန်း၊ အနောက်တန်းနှင့် ဂိုးသမားအကောင်းဆုံးဆုများ၊ တတိယဆုရရှိသော အင်္ဂမော်ကျေးရွာ ဘောလုံးအသင်း၊ ဒုတိယဆုရရှိသော တညက်ကျေးရွာဘောလုံးအသင်းနှင့် ပထမဆုရရှိသော မြိတ်တောင်ကျေးရွာ ဘောလုံးအသင်းတို့မှ အားကစားသမားများကို ဆုတံဆိပ်များ၊ လည်ဆွဲဆုနှင့် ငွေသားဆုများကို လွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

 

ထို့နောက် ပြိုင်ပွဲတွင်ပထမဆုရရှိသော မြိတ်တောင်ကျေးရွာဘောလုံးအသင်းအား တံခွန်စိုက်ဆုဖလား ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသူအောင်က ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါပြိုင်ပွဲကို ရပ်ကွက်/ကျေးရွာ ပေါင်းစုံမှ ပြိုင်ပွဲဝင်အသင်း(၁၈)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး မတ်လ(၃)ရက်နေ့မှ ဧပြီလ(၅)ရက်နေ့အထိ ကျင်းပခဲ့ကြောင်း ပြိုင်ပွဲကျင်းပရေးကော်မတီမှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )

 

1