မြိတ်မြို့တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်း ဖွင့်လှစ်

မြိတ်  ၂၈  ဇူလိုင်  

 

၂၀၂၀ ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲဖြစ်စေရန်အတွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ လက်တွေ့မြေပြင်တွင် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေးရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် ခရိုင်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဇူလိုင်(၂၈)ရက် နံနက်(၉)နာရီခွဲက အထက(၃)မြိတ် ပညာရတနာခန်းမတွင် ခရိုင်/မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင် များအား ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းခွင်အကြို ဆင့်ပွားသင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးယူတင်နှင့် ဒုတိယ မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးရည်မွန်တို့က အမှာစကားပြောကြား၍ ဖွင့်လှစ်ပေးကြပြီး မြိတ်ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးဝင်းကြည် က သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြား၍ သင်တန်းစတင်ပို့ချသည်။ 

 

သင်တန်းတွင် သင်ရိုးညွှန်းတန်းအဖြစ် ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ငန်းလမ်းညွှန်များ ခြုံငုံ ရွေးဆွဲထားသည့် သင်ရိုး(၁၂)ခုကို သင်ကြားသူကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် Enter Active နည်းဖြင့် စာတွေ့ သင်ကြား ဆွေးနွေခြင်း၊ လက်တွေ့ဆောင်ရွက်ခြင်းများကို သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြိတ်ခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းကြည် က ပြောသည်။

 

သင်တန်းကို  မြိတ်ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌပါ နည်းပြ(၂)ဦးက သင်တန်းသား မြိ့နယ် ကော်မရှင်အဖွဲ့ခွဲဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင် စုစုပေါင်း(၃၅)ဦးအား ဇူလိုင် ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း၊ ၄င်းသင်တန်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် IFES တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သင်တန်းဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )