မြိတ်မြို့တွင် ကိုဗစ်-၁၉  ရောဂါပိုး စစ်ဆေးတွေ့ရှိသူ(၁)ဦးထပ်တိုးပြီး (၂)ဦးဆေးရုံ ဆင်းခွင့်ရရှိ

မြိတ် ၂၅ စက်တင်ဘာ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် စက်တင်ဘာ(၂၄)ရက်တွင်  ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၁)ဦး ထပ်မံတွေ့ရှိခဲ့ပြီး ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၁၀)ဦးရှိခဲ့၍ (၂)ဦးဆေးရုံဆင်းခွင့်ရရှိခဲ့ကာ ၄င်းတို့(၂)ဦးကို Home Quarantine (၇)ရက် ဆက်လက်နေထိုင်လျက်ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရသည်။

 

ကိုဗစ်-၁၉  ရောဂါပိုး ထပ်မံစစ်ဆေးတွေ့ရှိသူ(၁)ဦးသည် ရောဂါပိုးတွေ့ရှိသူနှင့် ထိတွေ့ဆက်ဆံခဲ့သူဖြစ်၍ Quarantine Center ဝင်ရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူလျက်ရှိသူဖြစ်ပြီး ဓာတ်ခွဲနမူနာရယူ စစ်ဆေးခဲ့ရာမှ ရောဂါပိုး တွေ့ရှိခဲ့ခြင်းဖြစ်သည်။  ဆေးရုံဆင်းခွင့်ရရှိသူနှစ်ဦးသည် ကျန်းမာရေးကောင်းမွန်ကြပြီး ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူရင်း ကျန်းမာရေးဝန်ကြီးဌာန၏ ဆေးရုံဆင်းခွင့် ညွှန်ကြားချက်အတိုင်း စက်တင်ဘာလ(၂၄)ရက်တွင် ဆေးရုံဆင်းခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

 

ဆေးရုံဆင်းခွင့်ရရှိသူ(၂)ဦးက ဆေးရုံတက်ကတည်းက ဆင်းတဲ့အချိန်ထိကောင်းပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဆေးရုံဆင်းခွင့် ညွှန်ကြားချက်အတိုင်းဆောင်ရွက်ခဲ့ပါတယ်။ ရောဂါပိုးထပ်မံတွေ့ရှိသူတစ်ဦးက Quarantine Center မှာ နေကတည်းက ကျန်းမာရေးကောင်းမွန်ပါတယ်။ ဆေးရုံရောက်တော့လည်း ကျန်းမာရေး ကောင်းမွန်ပါတယ်။ ဆေးရုံမှာ ရှိတဲ့ (၇)ယောက်လည်း သတ်မှတ်ရင်ပြည့်ရင် ဒီအတိုင်းဆိုရင် ဆင်းခွင့်ရမှာပါ။ ကျန်းမာရေးအခြေအနေကောင်းမွန်ကြပါတယ်။ ကိုဗစ်နဲ့ပတ်သက်တဲ့ ဖျားတာနာတာ ချောင်းဆိုးတာမဖြစ်ရင် ပေါ့။ လက်ရှိအခြေအနေ(၇)ယောက်လုံးကောင်းပါတယ်။ မနေ့ကတက်တဲ့သူလည်းကောင်းပါတယ်။ ဆေးရုံဆင်းတဲ့ သူတွေလည်း ကောင်းမွန်ပါတယ် ဟု ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာမျိုးဝင်းက ပြောသည်။

 

ကိုဗစ်-၁၉ရောဂါပိုး ထပ်မံတွေ့ရှိသူတစ်ဦး၏ ထိတွေ့ခဲ့သူများကို တာဝန်ရှိသူများက Quarantine Center သို့ ပို့ဆောင် ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး ရောဂါပိုးတွေ့ရှိသူများ နေထိုင်ကြသည့် လမ်း(၂)လမ်းကို အသွားအလာကန့်သတ်ဆောင်ရွက်ထားရှိ၍ ပြည်သူများမှ အစားအသောက်များ လှူဒါန်းထောက်ပံ့ပေးလျက်ရှိကြပြီး ပရဟိတအဖွဲ့များ၊ အုပ်ချုပ်ရေးဖွဲ့များက စောင့်ရှောက်ပေးလျက်ရှိကာ မြို့နယ် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)