မြိတ်မြို့တွင် စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှု သင်တန်းဖွင့်လှစ်

မြိတ်  ၅  နိုဝင်ဘာ 

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒေသတွင်းရှိ စွန့်ဦးတီထွင်လုပ်ငန်းရှင်များ ချိတ်ဆက် ဆောင်ရွက်မှု ကောင်းမွန်စေရန်နှင့် လုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာ  နည်းပညာများ တိုးတက်လာစေရန်၊ စွန့်ဦးတီထွင် လုပ်ငန်းရှင်များ ပေါ်ထွက်လာစေရန် ရည်ရွယ်ချက်များဖြင့် စီးပွားရေးဆိုင်ရာ စွန့်ဦးတီထွင်မှုသင်တန်းကို နိုဝင်ဘာ လ ၄ ရက်တွင် မြိတ်ခရိုင် ငါးလုပ်ငန်းအဖွဲ့ချုပ်ရုံး၌ စတင်ဖွင့်လှစ်ခဲ့သည်။

 

သင်တန်းကို တနင်္သာရီတိုင်းဒေသကြီး MSME စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး Agency ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးကျော်မင်း က အမှာစကား ပြောကြား၍ ဖွင့်လှစ်ပေးပြီး National Enlightenment Institute၊ Execuitive Director ဒေါ်ရည်မွန်ဆုက သင်တန်း ဖွင့်လှစ်ရသည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍  သင်တန်းစတင်ခဲ့သည်။

 

သင်တန်းကို စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန နည်းပညာနှင့် ဈေးကွက်မြှင့်တင်ရေး ဌာနနှင့် National Enlightenment Institute တို့ ပူးပေါင်း၍ နိုဝင်ဘာ (၄) ရက်မှ (၉) ရက်အထိ ဖွင့်လှစ်သွားမည်ဖြစ်ကာ သင်တန်း၌ ဈေးကွက်စီးပွားရေးနှင့် ဈေးကွက်စီမံခန့်ခွဲမှု၊ ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှု၊ လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှု၊ လုပ်ငန်းခွင်ဆိုင်ရာစီမံခန့်ခွဲမှု စသောဘာသာရပ်များကို သင်တန်းသား၊ သင်တန်းသူ(၅၀)ဦးအား သင်ကြားပေး သွားမည်ဖြစ်ကြောင်း သင်တန်းကြီးကြပ်ရေးအဖွဲ့မှ သိရသည်။

 

ခိုင်ထူး ( မြိတ် ပြန်/ဆက် )