မြိတ်မြို့နယ် ဓမ္မစကူးလ် ဆရာ ဆရာမ(၄၁၀)ဦးအား ဆန်၊ ဆီနှင့် ဆပ်ပြာမှုန့် ထောက်ပံ့

မြိတ်   ၆   မေ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်အတွင်းရှိ ဓမ္မစကူးလ်ဌာနအသီးသီးတွင် စေတနာမေတ္တာဖြင့် ဓမ္မ စာပေသင်ကြားပေးခဲ့ကြသည့် ဓမ္မစကူးလ်မိသားစု ဆရာ/မများအား ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် အထောက်အကူဖြစ်စေရန်အတွက် မြို့နယ်ဓမ္မစကူးလ်ကော်မတီ ဆရာတော်များနှင့်လူပုဂ္ဂိုလ်များမှ ဆန်၊ ဆီ၊ ဆပ်ပြာမှုန့်များကို မေ ၆ ရက် နံနက်ပိုင်းမှစတင်ကာ ဌာနများအလိုက် သွားရောက်ထောက်ပံ့ပေးလျက်ရှိသည်။

 

မြိတ်မြို့နယ်တွင် ဓမ္မစကူးလ်ဌာန(၅၀)ဌာနရှိ ဆရာ/မ(၄၁၀)ဦးအား တစ်ဦးလျှင် ဆန်(၅)ပြည်အိတ် တစ်အိတ်၊ ဆီတစ်ဗူးနှင့် ဆပ်ပြာမှုန့်(၃)ထုပ်စီကို မြိတ်မြို့နယ်ဓမ္မစကူးလ်ကော်မတီဥက္ကဌ ဘဒ္ဒန္တ ကောဝိဒ အေးရိပ်ချောင်ကျောင်းဆရာတော် ဦးဆောင်၍ ကော်မတီဝင် ဆရာတော်၊ သံဃာတော်နှင့် လူပုဂ္ဂိုလ်များမှ သွားရောက် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

 

ဓမ္မစကူးလ်မိသားစုဆရာ/မများအား ထောက်ပံ့ပေးသည့် ဆန်၊ ဆီ၊ ဆပ်ပြာမှုန့်များကို မြို့နယ်ဓမ္မစကူးလ် ကော်မတီမှ စုပေါင်းလှူဒါန်းခဲ့ကြကြောင်း၊  ဆန်၊ ဆီ၊ ဆပ်ပြာမှုန့်များကို ထောက်ပံ့ပေးရာ၌ ယနေ့တွင် မြို့ပေါ်ရှိ ဓမ္မစကူးလ်ဌာန(၂၄)ဌာနရှိ ဆရာ/မများကိုလည်းကောင်း၊ မေလ(၆)ရက်နှင့်(၇)ရက်တို့တွင် ကျေးရွာများရှိ ဓမ္မစကူးလ်ဌာန(၂၆)ဌာနရှိ ဆရာ/မများကိုလည်းကောင်း မြို့နယ်ဓမ္မစကူးလ်ကော်မတီမှ သွားရောက်ထောက်ပံ့ကြမည်ဖြစ်ကြောင်း သိရသည်။

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)