မြိတ် ၂၄ မေ

 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့၌ ပြည်သူများ နေ့စဉ်ဖြတ်သန်းသွားလာလျက်ရှိသော ကလွင်ကျေးရွာရှိ အေးရိပ်ချောင် ကတ္တရာလမ်းအား AC နိုင်လွန်ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ကျပ် (၃၉၄) သန်းဖြင့် မြိတ်မြို့နယ် လမ်းဦးစီးဌာနမှ မေ ၂၃ ရက်မှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

 

အေးရိပ်ချောင်လမ်းသည် မြိတ်တက္ကသိုလ်၊ ဆေးရုံကြီးသို့သွားလာသည့် စပါးရွှေဝါလမ်းနှင့် လေယာဉ်ကွင်း၊ ကားကြီးဝင်းသွားလာသည့် ကန်ဖျားလမ်းမကြီးနှင့် လေယာဉ်ကွင်းလမ်းတို့ကို ဆက်သွယ်ထားသည့် အဓိကလမ်းတစ်လမ်းဖြစ်၍ ပြည်သူများ နေ့စဉ်အသုံးပြုသွားလာလျက်ရှိသည့် လမ်းတစ်လမ်းဖြစ်ပြီး နယ်ဝေးမှ ပြည်သူ့ဆေးရုံ ဆေးကုသမှုခံယူရန် လာရောက်သည့် ဝေဒနာရှင်များကို ပို့ဆောင်ပေးသည့် အရေးပေါ်မော်တော်ယာဉ်များ အသုံးပြုသွားလာမှုများသည့် လမ်းတစ်လမ်းဖြစ်သည်။

 

ပြည်သူများ နေ့စဉ်အသုံးပြုသွားလာလျက်ရှိသည့် ကတ္တရာလမ်းအား AC နိုင်လွန်ကတ္တရာ အဆင့်မြှင့် တင်ခြင်းလုပ်ငန်းကို တိုင်းဒေသကြီး ငွေလုံးငွေရင်း ရန်ပုံငွေ (၃၉၄) သန်းဖြင့် လမ်းအရှည် (၄၀၀၀)ပေ၊ လမ်းအကျယ် (၂၄)ပေ ဆောင်ရွက်မည်ဖြစ်ကြောင်း၊ အဆိုပါလမ်းသည် ကွန်ရက်လမ်းသဘောဖြစ်နေပြီး အဓိကလမ်းတစ်လမ်းဖြစ်သောကြောင့် AC နိုင်လွန်ကတ္တရာ အဆင့်မြှင့်တင် ဆောင်ရွက်ခြင်းဖြစ်ကြောင်း မြိတ်မြို့နယ် လမ်းဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဦးသိန်းအောင်ထံမှ သိရသည်။

 

AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်လျက်ရှိသည့် အေးရိပ်ချောင်လမ်းကို တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းဖြစ်ကာ လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးပါက ပြည်သူများ ယခုထက်ပိုမို အဆင်ပြေချောမွေ့စွာ လမ်းအသုံးပြု သွားလာနိုင်တော့မည် ဖြစ်သည်။ 

 

ခိုင်ထူး (မြိတ် ပြန်/ဆက်)