မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲ ခြိမ့်ခြိမ့်သဲ စည်ကား

မြိတ်    ၁၂   နိုဝင်ဘာ 

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲတော်ကို ဗုဒ္ဓဘာသာအသင်းကြီးမှ ကြီးမှူး၍ ကန်ဖျားရပ်ကွက် ဘုရားငါးဆူကွင်း၌ (၇) ရက်တိုင်တိုင် ကျင်းပခဲ့ပြီး  နိုဝင်ဘာ (၁၁) ရက် ညနေ (၆) နာရီတွင် ဘုရားငါးဆူကွင်းမှ စတင်ကာ မြို့တွင်းလှည့်လည်ပူဇော်ပွဲကျင်းပရာ မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ညသည် ခြိမ့်ခြိမ့်သဲ စည်ကားခဲ့ကြောင်း သိရသည်။

မြိတ်မြို့တွင် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲတော်ကို  နှစ်စဉ်ကျင်းပလျက်ရှိပြီး ယခုနှစ်တွင် (၉၂)ကြိမ်မြောက် ဘုရားပွဲတော်ကို နိုဝင်ဘာ (၄) ရက်မှ (၁၀) ရက်အထိ (၇) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကာ ပွဲတော်ရက်များအတွင်း ညစဉ်  ဇာတ်သဘင်နှင့် ပျော်ပွဲရွင်ပွဲများဖြင့် ကျင်းပခဲ့သည်။ တန်ဆောင်မုန်းလပြည့်ည နိုဝင်ဘာ (၁၁) ရက်တွင် ဘုရားငါးဆူကွင်း ယာယီစံကျောင်းတော်မှ မြို့တွင်းလှည့်လည် ပူဇော်ပွဲကို ဗုဒ္ဓဘာသာ အသင်းကြီးမှ ဦးဆောင်ကာ ပြဿဒ်မော်တော်ယာဉ်များဖြင့် မီးအလှဆင်ပြီး ဘုရားပွင့်စဉ်များ အလိုက် ရပ်ကွက် အသီးသီးသို့ သတ်မှတ်လမ်းကြောင်းအတိုင်း လှည့်လည်ပူဇော်ခဲ့ကြသည်။  

 

mdn

 

နှစ်ကျိပ်ရှစ်ဆူဘုရား  မြို့တွင်းလှည့်လည်ပူဇော်ရာ လမ်းတလျှောက်၌ ဘုရားဖူးပြည်သူများက ဆီမီး၊ အမွေးနံ့သာတိုင် ထွန်းညှိပူဇော်ခြင်း၊ ရောင်စုံမီများ ထွန်းညှိပူဇော်ခြင်း၊ အလှူငွေများလှူဒါန်းခြင်းဖြင့် ကုသိုလ်ပြု လှူဒါန်းပူဇော်ခဲ့ကြသည်။ ထို့အတူ  ဘုရားလှည့်လည်ပူဇော်ရာ လမ်းတလျှောက်တွင်လည်း စေတနာရှင် အလှူရှင်များ၊ အသင်းအဖွဲ့များ၊ သူငယ်ချင်းမိတ်ဆွေများ စုပေါင်းကာ စတုဒီတာများ ကျွေးမွေးခြင်း၊ ကြိုဆိုရေးမဏ္ဍပ်များဖြင့် ဓမ္မတေးများ၊ ဇာတ်သဘင်အကများ၊ ခေတ်ပေါ်တေးသီချင်းများ သီဆိုဖွင့်လှစ်ကြိုဆို ကုသိုလ်ယူ ကြသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားလှည့်လည်ပူဇော်ပွဲတွင် မြန်မာ့ရိုးရာဇာတ်သဘင်အက၊ ဆင်အက၊ နဂါးမောင်နှံ အက၊ ဖိုးပြုံးချိုအက၊  ခေတ်ပေါ်အကများဖြင့် လိုက်ပါဖျော်ဖြေခဲ့ကြရာ မြိတ်မြို့၏ တန်ဆောင်မုန်းလပြည့်ည နှစ်ကျိပ်ရှစ်ဆူဘုရား မြို့တွင်းလှည့်လည်ပူဇော်ပွဲသည် ဘုရားဖူး ပြည်သူများဖြင့်  ခြိမ့်ခြိမ့်သဲ စည်ကားခဲ့ကြောင်း သိရသည်။

ခိုင်ထူး ( မြိတ် ပြန်/ဆက် )