မြိတ်မြို့၊ မတ္တရာမြို့နယ်နှင့် မော်လမြိုင်မြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော်၊ ဧပြီ ၁၂  

မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ဧပြီ ၁၁ ရက် မွန်းလွဲ ၂ နာရီတွင်  မြိတ်မြို့၊ အလယ်ကျွန်းရပ်ကွက်၊ ကန်ဘောင်ရိုးရပ်၊ သီတာ(၁)လမ်းသွယ်နေ မသင်းသင်းအေး၏ နေအိမ်ကို ဝင်ရောက်စစ်ဆေးရှာဖွေရာ  စိတ်ကြွရူးသွပ်ဆေးပြား ၆,၀၀၀ ကို လည်းကောင်း၊ အလားတူ ဧပြီ ၁၀ ရက် ညနေ ၃ နာရီ မိနစ် ၄၀ တွင် မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မတ္တရာမြို့နယ်၊ ညောင်အုပ်ကျေးရွာအုပ်စု၊ နတ်ကြီးစင် ကျေးရွာအနီးတွင် ကျော်စွာဝင်း(ခ)ဆံရှည် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂,၂၁၃ ပြား သိမ်းဆည်းရမိခဲ့ပြီး ညနေ ၄ နာရီတွင် အဆိုပါ နေရာအနီး၌ တင်မင်းလှိုင်(ခ)ဆင်ပေါက် မောင်းနှင်လာသော ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေး ရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၂၅၈ ပြားကိုလည်းကောင်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ထို့အတူ ဧပြီ ၁၁ ရက် ညနေ ၇ နာရီ မိနစ် ၂၀ တွင် မွန်ပြည်နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မော်လမြိုင်မြို့၊ လှိုင်ရှမ်းစုရပ်ကွက်တွင် မျိုးမင်းထွေး မောင်းနှင်ပြီး မသန်းသန်းအေး လိုက်ပါလာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁,၈၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သိရသည်။

ရဲပြန်ကြား