မြိတ်ကျွန်းစုဒေသသို့ ခရီးသွားဧည့်သည်များ အပတ်စဉ်ခရီးစဉ်များ ပို့ဆောင်ပေးနေရ

မြိတ်   ဇန်နဝါရီ   ၂၇

 

တနင်္သာရီတိုင်းဒေသကြီးရှိ မြိတ်ကျွန်းစုဒေသသို့ ယခုနှစ်ပွင့်လင်းရာသီတွင် ပြည်တွင်းခရီးသွား ဧည့်သည်ဝင်ရောက်မှု ရှိလာသည့်အတွက် အပတ်စဉ် ကျွန်းခရီးစဉ်များကို ပို့ဆောင်ပေးနေရကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

 

ကိုဗစ်- ၁၉ ရောဂါအခြေအနေများကြောင့် (၂)နှစ်နီးပါး ခရီးသွားဧည့်သည် ဝင်ရောက်မှုမရှိခဲ့သည့် မြိတ်ကျွန်းစုဒေသသို့ ၂၀၂၂ ခုနှစ်အစပိုင်းတွင် ပြည်တွင်းခရီးသည် အနည်းငယ်ပြန်လည်ဝင်ရောက် လာသည်ဟု ခရီးသွားဝန်ဆောင်မှုပေးနေသူများက ပြောကြားသည်။

 

“စီးပွားရေး၊ လူမှုရေးကိစ္စရပ်များကြောင့်ဖြစ်စေ၊ အလုပ်ကိစ္စကြောင့်ပဲဖြစ်စေ ကျွန်တော်တို့ တိုင်းဒေသကြီး ကို ရောက်လာတဲ့ ခရီးသွားများက ကျွန်းခရီးစဉ်တွေကို လာရောက်လည်ပတ် နေကြတယ်၊ သီးသန့်လာပြီး အပန်းဖြေတဲ့သူ အနည်းငယ်ရှိပေမယ့် ယခင်လို ပြန်လည်စည်ကားဖို့ မလွယ်သေးဘူး၊ ဧည်သည်တွေအတွက် ကျွန်တော်တို့လည်း အကောင်းဆုံး ဝန်ဆောင်မှုတွေ လုပ်ဆောင်ပေးပါတယ်၊ ဒီလိုကာလမှာ အကျိုးအမြတ်တစ်ခုအတွက် မစဉ်းစားဘဲ ခရီးသွား လုပ်ငန်းတွေ ပြန်လည်ဖွံ့ဖြိုးဖို့အတွက် လုပ်ဆောင်ပေးနေပါတယ်”ဟု ကျွန်းခရီးစဉ်များကို လိုက်ပါ ပို့ဆောင်ပေးနေသည့် ဧည့်လမ်းညွန်တစ်ဦးက ပြောပြသည်။

 

မြိတ်ကျွန်းစုဒေသသို့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု နေ့စဉ် မရှိသေးသော်လည်း အခါကြီးရက်ကြီး ရုံးပိတ်ရက်များနှင့် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင် ပို့ဆောင်ပေးနေကြောင်း သိရသည်။

 

“ပြည်တွင်းခရီးသွားအနေနဲ့ မန္တလေး၊ ရန်ကုန်နဲ့ တနင်္သာရီက လာရောက်သူ များပါတယ်။ ကျွန် တော်တို့ ဝန်ဆောင်မှုပေးတဲ့ ကျွန်းတွေက စမတ်ကျွန်း၊ ဘေလီကျွန်း၊ ကြယ်လိပ်ကျွန်း၊ ပဒန်းကျွန်းတွေ ဖြစ်ပါတယ်။ နေ့ချင်းပြန် ခရီးစဉ်တွေရှိသလို ညအိပ်ခရီးစဉ်တွေလည်း ရှိပါတယ်။ ခရီးသည်ဝင်ရောက်မှု အနေထားကိုကြည့်ပြီး နေ့ချင်းပြန်ဆိုရင် အနည်းဆုံးကျွန်း သုံးကျွန်းလောက်ကို ပို့ဆောင်ပေးပါတယ်။ ကားလိုင်း၊ လေကြောင်းလိုင်းတွေ ပုံမှန်ပြေးဆွဲလာရင်တော့ ခရီးသည်တွေ ဒီထက်ပိုမို ၀င်ရောက်လာဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကတော့ မြိတ်ကျွန်းစုအတွင်းမှာ ခရီးသွားလုပ်ငန်း ပြန်လည်ဖွံ့ဖြိုးတိုး တက်လာစေဖို့အတွက် ဝန်ဆောင်မှုတွေကို အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးလုပ်ဆောင်ပေး နေပါတယ်” ဟု Moe Travel & Tour မှ ဦးမိုးဇော်က ပြောပြသည်။

 

မြိတ်ကျွန်းစုရှိ ကျွန်းခရီးစဉ်များကို နေ့ချင်းပြန်သွားပါက ခရီးသွားဧည့်သည့် တစ်ဦးလျှင် ငွေကျပ် ၁၅၀၀၀၀ ကျသင့်မည်ဖြစ်ပြီး ညအိပ်ခရီးစဉ်များဖြစ်ပါက တစ်ဦးလျှင် ငွေကျပ် ၂၅၀၀၀၀ ကျသင့် ကြောင်း သိရသည်။

 

မြင့်ဦး(မြိတ်)